Connect with us

Social

မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့် ရန်ကုန်မြို့ တရုတ်တန်းတွင် တရုတ်နှစ်သစ်ကူး ပစ္စည်းများ အရောင်းအဝယ်အေး

ရန်ကုန်မြို့၊ တရုတ်တန်း၌ တရုတ်နှစ်သစ်ကူးအတွက် တရုတ်ရိုးရာစားဖွယ်ရာများကို ဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ရန်ကုန်မြို့ တရုတ်တန်းရှိ ဆိုင်များတွင် တရုတ်နှစ်သစ်ကူး အလှဆင်ဖွယ်ရာများနှင့် တရုတ်ရိုးရာစားဖွယ်ရာများမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။ရန်ကုန်မြို့ တရုတ်တန်းမှ လက်လီရောင်းချသူများ၏ ပြောကြားချက်အရ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ကုန်ပစ္စည်းများ ဈေးနှုန်းများသည် ယခင်နှစ်ဈေးများနှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါး မြင့်တက်လာသည်ဟု သိရသည်။

ရန်ကုန်မြို့ တရုတ်တန်းရှိ One Star စတိုးဆိုင်ပိုင်ရှင် ဦးမောင်အေးက ၎င်း၏ ဆိုင်အနေဖြင့် ယခုနှစ် နှစ်သစ်ကူး ထုတ်ကုန်များ ရောင်းချမှု အနည်းငယ် ကျဆင်းသွားကြောင်းနှင့် အချို့သော ဈေးနှုန်းများမှာ ၁၀၀ ရာခိုင်နှုန်းနီးပါး ဈေးတက်သွားကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဝယ်ယူသူတွေက နှစ်သစ်ကူး လက်ဆောင်ပစ္စည်းတွေအတွက် သုံးစွဲဖို့ရည်ရွယ်ထားတဲ့ကန့်သတ်ချက်တွေရှိတယ်’’ ဟု ၎င်းက ပြောကြားပြီး ဇန်နဝါရီ ၂၂ ရက်တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူး ကန်တော့ပစ္စည်းနှင့် ဆုတောင်းကန်တော့ပွဲများတွင် အသုံးပြုသည့် ပစ္စည်းများသည် ၎င်း၏ဆိုင်တွင် ရောင်းအားအကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။

ယုန်နှစ်နီးလာပြီဖြစ်သောကြောင့် ရန်ကုန်မြို့ရှိ တရုတ်လူမျိုးများသည် နှစ်သစ်ကူးအတွက် ပစ္စည်းများအား တရုတ်တန်းတွင် လာရောက်ဝယ်ယူလျက်ရှိသည်။

“စာအိတ်အနီတွေက ကျွန်မတို့ဆိုင်တွေမှာ ရောင်းအားကောင်းတယ်။ နှစ်သစ်က ယုန်နှစ်ဆိုတော့ ယုန်ရုပ်တွေလည်း ရောင်းကောင်းတယ်” ဟု တရုတ်တန်းတွင် နှစ်သစ်ကူးပစ္စည်းများ လက်လီရောင်းချသူ ဒေါ်စင်းစင်း က ပြောသည်။

လောက်ဝှီစိန် စတိုးမှ စာရင်းကိုင် ဖြစ်သော အသက် ၂၁ နှစ်အရွယ် ကိုဝေယံဖြိုးက ၎င်း၏ဆိုင်သည် နှစ်သစ်ကူးအတွက် တရုတ်ရိုးရာစားဖွယ်ရာများကို အဓိကရောင်းချပြီး အစားအသောက်ဈေးများကလည်း နှစ်ဆနီးပါးဈေးတက်သွားကြောင်းဆိုသည်။

“ဒီ မုန့်ဘူး ရဲ့ စျေးနှုန်းက မနှစ်က ၂၀၀၀ ကျပ်ပဲရှိတာ အခုဆို ၃၆၀၀ ကျပ်ဖြစ်သွားပြီ” ဟု ၎င်း၏ဆိုင်တွင် ရောင်းချသော တရုတ်နှစ်သစ်ကူး ရိုးရာမုန့်ဘူးကိုပြရင်း ၎င်းကဆိုသည်။

အသက် ၃၅ နှစ်အရွယ် ပျံကျဈေးသည် ဒေါ်စုခင်ဝင်းကလည်း တရုတ်တန်းတွင် နှစ်စဉ် တရုတ်နှစ်သစ်ကူး ကုန်ပစ္စည်းများ ရောင်းချနေသည်မှာ နှစ် ၂၀ ရှိပြီဟု ဆိုသည်။

“ဒီနှစ်မှာ ကုန်ဈေးနှုန်းတွေ တက်လာတဲ့အတွက် ရောင်းအားက အေးပါတယ်။ မနှစ်က ဒီနေ့အထိ အမွှေးတိုင်ပုံးကြီး လေးပုံးလောက် ရောင်းပြီးသွားပြီ။ ဒီနှစ်တော့ နှစ်ပုံးလောက်ပဲ ရောင်းရတယ်။ ရိုးရာကန်တော့ပွဲတွေ မပြုလုပ်မီနေ့က ဈေးအရောင်းဆုံးနေ့ပါပဲ’’ ဟု ၎င်းကဆိုသည်။

ဝယ်ယူသူများအနေဖြင့် ၎င်းတို့ဝယ်ယူထားသော နှစ်သစ်ကူးပစ္စည်း အရေအတွက်ကို ၁၀ ထုပ်မှ ငါးထုပ်၊ ငါးထုပ်မှ သုံးထုပ်၊ သုံးထုပ်မှ တစ်ထုပ် စသဖြင့် အရေအတွက်ကို လျှော့၍ ဝယ်ယူကြကြောင်း သိရသည်။

ကုန်ဈေးနှုန်းမြင့်တက်ခြင်းအပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် မြန်မာငွေတန်ဖိုး ကျဆင်းခြင်းတို့ကလည်း ရန်ကုန်မြို့ တရုတ်တန်း၏ တရုတ်နှစ်သစ်ကူးဈေးကွက်တွင် ရောင်းအား ကျဆင်းစေသည့် အခြားသော အကြောင်းရင်းများ ဖြစ်ကြောင်း ဆိုင်ရှင်များကဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကိန်းဂဏန်းများအရ ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာကျပ်ငွေသည် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ယမန်နှစ်ကထက် ၁၈ ဒသမ ၁၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

တရုတ်တန်းတွင် အသက် ၇၂ နှစ်အရွယ် ဈေးဝယ်သူ ဝမ်ချန်းဟိုင် က ကုန်ဈေးနှုန်းတက်နေသော်လည်း ရိုးရာအစဉ်အလာကိုထိန်းသိမ်းရမည်ဖြစ်သောကြောင့် ဆုတောင်းခြင်းနှင့် ကန်တော့ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တကယ်လို့ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မထိန်းသိမ်းရင် ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့် အခု ထက်ဈေးမြင့်နေရင်လည်း ရိုးရာဓလေ့တွေ လုပ်ပြီး နှစ်သစ်ကူးပွဲကို ဆင်နွှဲမှာပါ” ဟု ၎င်းက ပြုံး၍ ပြောသည်။ (Xinhua)

#တရုတ်နှစ်သစ်ကူး #တရုတ်တန်း #ChineseNewYear #ChinaTown