Connect with us

Africa & Middle East

ဆိုမာလီယာနိုင်ငံ မြို့တော်၌ ကားဗုံးခွဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၅ ဦး အထိ မြင့်တက်လာ

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးတွင် ယခင်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ခု အား တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးတွင် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် သေဆုံးသူသည် ၁၅ ဦးအထိရှိပြီး အခြားဒဏ်ရာရသူ အများအပြား ရှိကြောင်း ဆိုမာလီယာအရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်မှုမှာ မိုဂါဒစ်ရှူးမြို့ရှိ ဆိုမာလီယာအမျိုးသားပြဇတ်ရုံအနီး လုံခြုံရေး စစ်ဆေးရေးဂိတ်တွင် ဖြစ်ကြောင်း ၊ အဆိုပါဗုံးပေါက်ခွဲမှုဖြစ်ပွားပြီး မကြာမီ ၎င်းနေရာအနီးတဝိုက်၌ ဒုတိယ အကြိမ်ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျယ်လောင်သည့်ပေါက်ကွဲသံကြောင့် အရပ်သားပြည်သူများ အထိတ်တလန့်ဖြစ်ပွားခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

မိုဂါဒစ်ရှူးမြို့ ဒုတိယ မြို့တော်ဝန် မိုဟာမက် အဒူလာဟီ တူလာ(Mohamed Abdullahi Tulah)က ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ ၎င်းတို့အနက် ၇ ဦးမှာ လုံခြုံရေးဝန်ထမ်းများ ဖြစ်ကြောင်းနှင့် ၎င်းလည်း အဆိုပါတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာကို ပြောကြားခဲ့ပါသည်။

ဆိုမာလီယာ ရုပ်မြင်သံကြားဌာနတစ်ခုမှ သတင်းထောက် ၁ ဦးနှင့် ဝန်ထမ်း ၃ ဦးလည်း ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို ဦးဆောင်သူအား ဖမ်းမိထားပြီးဖြစ်ကြောင်း အမျိုးသားထောက်လှမ်းရေးနှင့် လုံခြုံရေး အေဂျင်စီ၏ သတင်းများအရသိရသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)များက တိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့သည်။ (Xinhua)