Connect with us

Africa & Middle East

တူရကီ ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

တူရကီတွင် မတ်လ ၁၄ ရက်က ကားဗုံးပေါက်ကွဲမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

အန်ကာရာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Elazig ဒေသရှိ ရဲ အဆောက်အအုံ တစ်ခုအနီး၌ ယနေ့ နံနက်ပိုင်းက ကားဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒိုဂန် သတင်းအေဂျင်စီက သတင်းတင်ပြထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် Elazig ရဲဋ္ဌာန အနီး၌ နံနက် ၉း၂၀ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ဝရမ်းပြေး အဖွဲ့ အစည်းအဖြစ် သတ်မှတ်ထားသည့် ကာ့ဒ် အလုပ်သမား ပါတီ (PKK) က လုပ်ဆောင်သည်ဟု စွပ်စွဲခံထားရပြီး သေနတ် ပစ်ခတ်သံများလည်း ကြားခဲ့ရသည်ဟု ဒေသခံများက ပြောကြောင်း သတင်း၌ ဖော်ပြထားသည်။
အခင်းဖြစ်ပွားသည့် နေရာအား ရိုက်ကူးထားသည့် ရုပ်သံများ၌ ထို ဧရိယာမှ မီးခိုးလုံးများ ထွက်လာခဲ့ကြောင်း၊ အနီးဝန်းကျင်ရှိ အဆောက်အဦများလည်း ပျက်စီးသွားခဲ့ကြောင်း ပြသထားသည်။
ထို့ပြင် လူနာတင်ကားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြောင်းနှင့် ဗုံးဖောက်ခွဲသူများအား ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
တူရကီ အရှေ့ပိုင်း Van ဒေသတွင် သြဂုတ်လ ၁၇ ရက် နှောင်းပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ကားဗုံး ထပ်မံပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ သြဂုတ်လ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် ရဲ ၂၀ ဦး အပါအဝင် အနည်းဆုံး လူ ၇၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လမှစ၍ တူရကီနိုင်ငံအတွင်းနှင့် အီရတ်နိုင်ငံ မြောက်ပိုင်း၌ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွား ခဲ့ပြီးနောက် တူရကီ လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀၀ ကျော်နှင့် PKK အဖွဲ့ဝင် ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း၊ PKK အဖွဲ့က အစိုးရ ဆန့်ကျင်ရေး တိုက်ခိုက်မှုများ စတင် လုပ်ဆောင်ခဲ့သည့် ၁၉၈၄ ခုနှစ်မှစ၍ ပြည်သူ ၄၀,၀၀၀ ကျော်၏ နေထိုင်မှု ဘဝများ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
PKK အဖွဲ့အား အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တူရကီတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် စာရင်းသွင်း ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.