Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ စီစီ ဝင်ရောက်ပြိုင်မည်

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီ (Abdel-Farrah al-Sisi) သည် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံနိုင်ရန် မတ်လတွင် ကျင်းပရန်လျာထားသော သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်က ကြေညာလိုက်သည်။

စီစီသည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ၎င်း၏ အောင်မြင်မှုများအား ရှင်းလင်းတင်ပြသော “Story of a Nation” ညီလာခံ နောက်ဆုံးနေ့၌ ကြေညာခဲ့ခြင်း ဖြစ်သည်။အီဂျစ်နိုင်ငံတွင် ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲအား မတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဇန်နဝါရီလ ၂၀ ရက်မှစတင်၍ မှတ်ပုံတင်နိုင်မည် ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးခြင်းများအား ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်ပြုလုပ်နိုင်ပြီး ပထမအကျော့ ရွေးကောက်ပွဲရလဒ်အား ဧပြီလ ၂ ရက်တွင် ကြေညာမည် ဖြစ်ကြောင်း အမျိုးသား ရွေးကောက်ပွဲအဖွဲ့ (NEA) အဆိုအရ သိရသည်။

ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှုရှိစွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်များအနေဖြင့် မဲရုံများသို့ သွားရောက်ကာ အီဂျစ်နိုင်ငံ၏ သမ္မတသစ်အား ရွေးချယ်ပေးကြပါရန် သမ္မတ စီစီက တိုက်တွန်းခဲ့သည်။

အီဂျစ်နိုင်ငံ အခြေခံဥပဒေအရ သမ္မတတာဝန်ထမ်းဆောင်ခွင့်အား နှစ်ကြိမ်သာ သတ်မှတ်ထားကြောင်း သိရသည်။လက်ရှိ သမ္မတ စီစီသည် သမ္မတဟောင်း မိုဟာမက်မော်စီ (Mohanned Morsi) အား ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖြုတ်ချခဲ့ပြီး တစ်နှစ်အကြာ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းက စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

အီဂျစ် လူ့အခွင့်အရေးသမားနှင့် အတိုက်အခံ ရှေ့ ခါလတ်အလီ (Khaled Ali) ကလည်း သမ္မတ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကြေညာခဲ့သည်။ထို့ပြင် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ၌ မော်စီအား ရှုံးနိမ့်ကာ အီဂျစ်နိုင်ငံမှ ထွက်ပြေးခဲ့ပြီး လက်ရှိ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် နေထိုင်သူ လေတပ်ဗိုလ်မှူးဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း အာမက် ရှာဖစ် (Ahmed Shafiq) ကလည်း သမ္မတရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားခဲ့သည်။ သို့သော်လည်း ၎င်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အီဂျစ်နိုင်ငံသည့် ပြန်လာခဲ့ကာ ရွေးကောက်ပွဲ ဝင်ပြိုင်တော့မည် မဟုတ်ကြောင်း ယခုလအစောပိုင်းက ကြေညာခဲ့သည်။ (Xinhua)