Connect with us

Africa & Middle East

အီဂျစ် လုံခြုံရေး တပ်ဖွဲ့မှ မှားယွင်း ပစ်ခတ်မှုကြောင့် ၁၂ ဦးသေဆုံး

အီဂျစ် လုံခြုံရေး တပ်ဖွဲ့မှ မှားယွင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသော မက္ကဆီကို ခရီးသွားများအား ဆေးကုသပေးနေသည့် ကိုင်ရိုမြို့ရှိ ဒါအယ်ဖူအက် ဆေးရုံ (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ အနောက်ပိုင်း အယ်ဝါဟက် သဲကန္တာရ ဧရိယာတွင် အီဂျစ် လုံခြုံရေး တပ်ဖွဲ့မှ တနင်္လာနေ့တွင် မှားယွင်း ပစ်ခတ်မှုကြောင့်လူ ၁၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံပိုင် အယ်-အာရမ် သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သေဆုံးသူများထဲမှ အနည်းဆုံး (၂) ဦးမှာ မက္ကဆီကို နိုင်ငံသားများ ဖြစ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတည်ပြုခဲ့သည်။ရဲနှင့် စစ်တပ် ပူးပေါင်း ပါဝင်သော အီဂျစ်လုံခြုံရေး တပ်ဖွဲ့သည် ကန့်သတ် နယ်မြေအတွင်း သွားလာနေသော မက္ကဆီကို ခရီးသွားဧည့်သည်များ ပါဝင်သည့် ယာဉ်တန်းကို အကြမ်းဖက်သမားများနှင့် မှားယွင်း ပစ်ခတ်မိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အခင်းဖြစ်ပွားရခြင်း အကြောင်းအရင်းကို စုံစမ်းရန် စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် လစ်ဗျားသို့ဝင်ပေါက် တစ်ခုဖြစ်သည့်အီဂျစ် နိုင်ငံ အနောက်ပိုင်းရှိ သဲကန္တာရ နယ်မြေတစ် ဝိုက်တွင် အကြမ်းဖက် သမားများ ကြီးစိုးလျက် ရှိသည်။ အဆိုပါ အကြမ်းဖက် သမားများသည် တည်မငြိမ် ဖြစ်နေသော စီနိုင်း ပင်နီစူလာရှိ လုံခြုံရေး တပ်ဖွဲ့များကို အဓိကအား တိုက်ခိုက်နေခြင်း ဖြစ်သည်။

အီဂျစ်သမ္မတ မိုဟာမတ် မော်စီသည် ဆန့်ကျင် ဆန္ဒပြသူများ အပေါ် တုန့်ပြန်မှုများနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်တွင် ၎င်းအား စစ်တပ်မှ ဖြုတ်ချကာ အာဏာသိမ်း ချိန်မှစပြီး အီဂျစ်သည် ၎င်း၏ မြောက်ပိုင်း စီနိုင်း ပြည်နယ်တွင် လုံခြုံရေး တပ်ဖွဲ့များအား ဆန့်ကျင် တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိသည်။

ရာပေါင်းများစွာသော ရဲတပ်သားများနှင့် စစ်သားများသည် အီဂျစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့ဖြစ်သည့် အယ်ရှာဘတ် အယ်လ်မက်ဂ်ဒစ် အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်အဖွဲ့သည် ၎င်းတို့၏ အဖွဲ့အမည်ကို “Sinai State” စစ်သွေးကြွ အဖွဲ့အဖြစ် ပြောင်းလဲ ခဲ့ပြီး IS အဖွဲ့အား သစ္စာခံကြောင်း မနှစ်က ကြေညာခဲ့သည်။

ပြီးခဲ့သည့် အပါတ်အတွင်း စစ်တပ်မှ “အာဇာနည်တို့၏ အမှန်တရားများ” အမည်ရှိ စစ်ဆင်ရေး တစ်ခုကို မြောက်ပိုင်း စီနိုင်းရှိ မြို့များဖြစ်သော ရာဖာ့တ်၊ ရှီ ဇူဝတ်၊ အယ်-အာရစ် တို့တွင် ပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေး အတွင်း စစ်သွေးကြွ ၂၉၆ ယောက်ကို ချေမှုန်းနိုင်ခဲ့သည်။ (Xinhua)