Connect with us

Africa & Middle East

အာဖရိက ရေကန်ကြီးများ ဒေသ ( African Great Lakes ) တွင် ဖွံ့ဖြိုးရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ကြရန် တရုတ် နိုင်ငံ သံအမတ် တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တရုတ်နိုင်ငံ သံအမတ်ကြီး Liu Jieyi မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

UNITED NATIONS ၊ မတ် ၂၂ ရက် ( ဆင်ဟွာ )

ကုလသမဂ္ဂဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးက အာဖရိကတိုက်ရှိ ရေကန်ကြီးများ ဒေသတွင် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့် လုပ်ဆောင်ကြရန် တိုက်တွန်း ပြောကြားလိုက်သည်။

ရေကန်ကြီးများ ဒေသသည် အာဖရိကတိုက် အလယ်ပိုင်းတွင် တည်ရှိ ပြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလားအလာ အရှိဆုံးဒေသ တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် လျိုကြယ်ယိ (Liu Jieyi )က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ၎င်းက တည်ငြိမ်အေးချမ်းမှု မရှိသော အခြေအနေ တစ်ရပ်သည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုံလောက်မှုမရှိသလို တခြား လူမှုအကျပ်အတည်းများနှင့် ကြံုံတွေ့ရနိုင်သည်ဟု ထပ်မံ ပြောကြားခဲ့သည်။ ထို့ပြင် တရုတ် နိုင်ငံ သံအမတ်ကြီးက “ ဒီဒေသမှာရှိတဲ့ နိုင်ငံအားလုံးဟာ လုံခြုံရေး ၊ အတူတကွ ဖွံ့ဖြိုး တိုးတက်ရေး နဲ့အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဘုံအာမခံ ဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားကို ခံစားရပါမယ်” ဟု ဆိုသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးခဲ့သည့် ဒီမိုကရက်တစ် ပြည်သူ့သမ္မတ ကွန်ဂို နိုင်ငံ နှင့် ဒေသတွင်း နိုင်ငံများကြား တည်ငြိမ်အေးချမ်းရေး ၊ လုံခြုံရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မူဘောင်များကို အဖွဲ့ဝင်အားလုံး အတူတကွ လုပ်ဆောင်သွားရန် ၎င်းက ထပ်လောင်း တိုက်တွန်းခဲ့သည်။

ယင်းဒေသတွင် လုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရေ တိုးမြှင့်လုပ်ကိုင်ခြင်း နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်း နိုင်ငံအားလုံး၏ လုံခြုံရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်လာမည် ဟု တရုတ်နိုင်ငံကမျှော်လင့်ကြောင်း သံအမတ်ကြီး Liu က ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့ပြင် “ ဆင်းရဲမွဲတေမှု နဲ့ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်နေခဲ့ရတာဟာ ရေကန်ကြီးများ ဒေသမှာ ကာလရှည် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်ပါ ” ဟုလည်း သံအမတ်ကြီးက ဆိုသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အနိုမ့်ကျဆုံး နိုင်ငံများတွင် စိုက်ပျိုးရေး ၊ စွမ်းအင် ၊ အခြေခံအဆောက်အဦ ၊ ဆက်သွယ်ရေး နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ များ၌ ရင်းနှီးမြှုပ်နှံမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ခြင်းဖြင့် အဆိုပါဒေသရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ၊ ကုန်သွယ်ရေးနှင့် ပြင်ပကမ္ဘာနှင့်ချိတ်ဆက်မှု ပိုမိုအားကောင်း လာပြီး ဖွံ့ဖြိုး တိုးတက်ရေး အသီးအပွင့်ကို အားလုံးခံစားရမည်ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။
တရုတ်နိုင်ငံ အနေဖြင့် အာဖရိကတိုက်တွင် စက်မှုလုပ်ငန်း ၊ ခေတ်မီစိုက်ပျိုးရေး ၊ အခြေခံအဆောက်အဦ ၊ ဘဏ္ဍာရေး ၊ ဆင်းရဲမွဲတေမှု လျော့ချရေး ၊ ပြည်သူ့ကျန်းမာရေး ၊ ယဉ်ကျေးမှု ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအတွက် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။
ထို့ပြင် တောင်အာဖရိကနိုင်ငံ ဂျိုဟမ်နက်စ်ဘာဂ့်တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် Summit of the Forum on China-Africa Cooperation ( တရုတ် – အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ ) သဘောတူညီချက်များကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ရန် တရုတ်နိုင်ငံက အဆင်သင့်ရှိနေပြီး အာဖရိကပြည်သူများအတွက် အသက် မွေးဝမ်းကြောင်း နှင့် ၎င်းတို့အမှန်တကယ်လိုအပ်နေသော ဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းများကို ထောက်ခံ အားပေးသွားမည်ဟု သံအမတ်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.