Connect with us

Africa & Middle East

ယီမင်အစိုးရက STC အသွင်ကူးပြောင်းရေးကောင်စီ တပ်ရုပ်ပေးလျှင် ဆွေးနွေးညှိနှိုင်းမည်ဟု ဆို

STC အသွင်ကူးပြောင်းရေးကောင်စီ၏လက်နက်ကိုင်အင်အားစုများက ယီမင်နိုင်ငံ အေဒင်မြို့ရှိ သမ္မတရုံးကို သြဂုတ် ၉ ရက်က ၀င်ရောက်စီးနင်းစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

STC အသွင်ကူးပြောင်းရေးကောင်စီအနေဖြင့် လက်နက်ကိုင် အင်အားစုများကို ယီမင်နိုင်ငံ ယာယီမြို့တော် အေဒင်(Aden)မြို့မှ ရုပ်သိမ်းလျှင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဟု ယီမင်အစိုးရက သြဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းချက်ကို ယီမင်အစိုးရက ကြိုဆိုကြောင်း ၊ သို့သော်လည်း ဆွေးနွေးမှုမတိုင်မီ STC အသွင်ကူးပြောင်းရေးကောင်စီက ၎င်း၏လက်နက်ကိုင် အင်အားစုများကို အေဒင်မြို့မှ ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း ယီမင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သြဂုတ် ၁၄ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

အေဒင်မြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို သက်ဆိုင်ရာဘက်ပေါင်းစုံက ရီယာဒ့်တွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ကွဲလွဲမှုများကိုဖြေရှင်းကြရန်နှင့် ဟူသီလက်နက်ကိုင်၊ အကြမ်းအဖက်အဖွဲ့အစည်းများကို အတူတိုက်ဖျက်ကြရန် ဆော်ဒီအာရေဗျ နိုင်ငံက သြဂုတ် ၁၀ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယခုလ ၆ ရက်တွင် STC အသွင်ကူးပြောင်းရေးကောင်စီက ဆန္ဒပြလှုပ်ရှားမှုများပြုလုပ်ပြီး ယီမင်အစိုးရဘက်မှလူနှင့် ဟူသီလက်နက်ကိုင်များ၏ ချိတ်ဆက်မှုကြောင့် အေဒင်မြို့ရှိ အစိုးရစစ်အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု အပြစ်တင်ပြောဆိုခဲ့သည်။ ဆန္ဒပြလှုပ်ရှားမှုများတွင် STC အသွင်ကူးပြောင်းရေးကောင်စီ၏ လက်နက်ကိုင်အင်အားစုများနှင့် ယီမင်လုံခြုံရေးတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားခဲ့ရာ နောက်ပိုင်း ပဋိပက္ခအရှိန်မြင့်တက်မှုများကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပြီး လူပေါင်း ၂၆၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သြဂုတ် ၁၁ ရက်တွင် STC ကောင်စီက အေဒင်မြို့ကို သိမ်းပိုက်ပြီးဖြစ်ကြောင်း ကြေညာခဲ့ရာ နောက်ပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မရှိကြောင်း သိရသည်။ (Xinhua)