Connect with us

Asia

ကွဲကွာနေသော ကိုရီးယား မိသားစုများ ပြန်လည် ဆုံစည်းပွဲ အောက်တိုဘာလ နှောင်းပိုင်းတွင် ပြုလုပ်ရန် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ သဘောတူ

စစ်ပွဲကြောင့် ကွဲကွာ ခဲ့ရသော မိသားစုဝင်များအား ပြန်လည် ရှာဖွေရန် ပုံစံ ဖြည့်စွက်နေသော တောင်ကိုရီးယား အဘိုးအို တစ်ဦး (ဆင်ဟွာ)

ဆိုးလ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃) ကြောင့် ကွဲခွာခဲ့ရသော ကိုရီးယား မိသားစုများ၏ ပြန်လည် ဆုံစည်းပွဲကို အောက်တိုဘာလ နှောင်းပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံ Mount Kumgang resort တွင် ကျင်းပနိုင်ရန် တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နိုင်ငံတို့ အင်္ဂါနေ့တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆိုးလ် ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောကြား လိုက်ပါသည်။

တစ်နှစ်ခွဲကျော် အတွင်း ပထမဆုံး ကျင်းပသည့် မိသားစု ပြန်လည် ဆုံစည်းပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၆ ရက်နေ့အထိ မြောက်ကိုရီးယား နိုင်ငံရှိ Mount Kumgang ရှိ scenic resort တွင်ပြုလုပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပွဲတွင် ကိုရီးယား နှစ်နိုင်ငံမှ ပြည်သူ တစ်ရာခန့်စီသည် ကြာမြင့်စွာ ကွဲကွာနေသော ဆွေမျိုး များနှင့် ဆုံတွေ့ခွင့် ရနိုင်မည် ဖြစ်သည်။

ထို့ပြင် ကိုရီးယား နှစ်နိုင်ငံမှ အနာဂတ်တွင် မိသားစု ပြန်လည် ဆုံစည်းပွဲများကျင်းပနိုင်ရေး နှင့် နှစ်ဦးနှစ်ဘက် စပ်ဆိုင်သော ကိစ္စရပ်များအား ဆွေးနွေးရန် အတွက် ကြက်ခြေနီ အဖွဲ့ အစည်းအဝေးများ ထပ်မံ ကျင်းပရန်လည်း သဘောတူ ခဲ့ကြသည်။

အဆိုပါ သဘော တူညီချက်သည် ကြက်ခြေနီ အလုပ်အဖွဲ့အဆင့် ဆွေးနွေးပွဲတွင် ၂၃ နာရီကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကြက်ခြေနီ အလုပ်အဖွဲ့ အဆင့် ဆွေးနွေးမှုကို တနင်္လာနေ့ ဒေသ စံတော်ချိန် နံနက် ၁၀း၅၀ နာရီတွင် စတင်ခဲ့ပြီး အင်္ဂါနေ့ ဒေသ စံတော်ချိန် နံနက် ၁၀း၁၀ နာရီမှာ ပြီးဆုံး ခဲ့ပါသည်။

အဆိုပါ မိသားစု ပြန်လည် ဆုံစည်းရေး ဆိုင်ရာ ကြက်ခြေနီ ဆွေးနွေးပွဲများ ကျင်းပမှုသည် သြဂုတ်လ နှောင်းပိုင်းတွင် ရရှိခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ အဆင့်မြင့် တပ်မတော် အရာရှိကြီးများမှ နှစ်ဖက် တင်းမာမှုကို လျှော့ချရန် သဘောတူညီမှု နောက်ပိုင်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။မိသားစုများ ပြန်လည် ဆုံစည်းရေး အစီအစဉ်ပုံမှန် ကျင်းပနိုင်ရေး၊ ကွဲကွာနေသော မိသားစုများမှ အသက်ရှင် ကျန်ရစ်သော လူစာရင်းများ ဖလှယ်နိုင်ရေး၊ မိသားစုဝင်များ အကြား စာအပြန်အလှန် ဆက်သွယ်ခွင့် ပြုရေး နှင့် ပြန်လည် ဆုံစည်းရေး ဗီဒီယို အစီအစဉ် ကျင်းပနိုင်ရေးကို တောင်ကိုရီးယား ဘက်က တောင်းဆိုထား ပါသည်။

၁၉၅၃ ခုနှစ်တွင် စစ်ရပ်ဆိုင်းရန် သဘောတူညီမှုဖြင့် ကိုရီးယား စစ်ပွဲ ရပ်ဆိုင်းခဲ့စဉ် ကတည်းက ကိုရီးယားနှစ် နိုင်ငံသည် စာ၊ တယ်လီဖုန်း အဆက် အသွယ်များကို ကန့်သတ်ထား ခဲ့သည်။

၁၉၈၈ ခုနှစ်ကတည်းက မိသားစု ပြန်လည် ဆုံစည်းရေး အတွက် စာရင်းပေး လျှောက်ထားသူ တောင်ကိုရီးယား နိုင်ငံသား ၁၃၀,၀၀၀ ဦးခန့်ရှိသည့် အထဲမှ ထက်ဝက်ခန့်သည် ကွဲကွာနေသော ဆွေမျိုးများအား တွေ့ဆုံခွင့် မရဘဲ ဆုံးပါးသွား ခဲ့သည်။ (Xinhua)