Connect with us

Asia

ဂျပန် အနောက်တောင်ပိုင်းရှိ တိုက်ခန်းတွဲ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွား၊ လူ ၆ ဦး သေဆုံး

ဂျပန်နိုင်ငံတွင် မီးလောင်ကျွမ်းခဲ့သည့် အဆောက်အအုံနှင့် မီးသတ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ မေ ၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဖူကူအိုကာ စီရင်စု၊ ကီတာကျူရှုမြို့ရှိ တိုက်ခန်းတွဲ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာက မေလ ၈ ရက်တွင် ဖော်ပြထားသည်။

မီးခိုးငွေ့ကြောင့် အသက်ရှူကြပ်ကာ ဒဏ်ရာရရှိသူများအနက် အမျိုးသား ၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း ဒေသခံ သတင်းများအရ သိရသည်။သစ်သားနှင့် ဆောက်လုပ်ထားသော နှစ်ထပ် အဆောက်အအုံ တစ်လုံးနှင့် အနီးရှိ အိမ် တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးမှု များပြားခဲ့ကြောင်း မီးသတ်သမားများက ပြောသည်။

အခင်း ဖြစ်ပွားရာနေရာရှိ ရဲတပ်ဖွဲ့ ပြောကြားချက်အရ အိမ်ရာ တစ်ခုတွင် တိုက်ခန်း ၁၆ ခန်းစီ ပါရှိကြောင်း၊ သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အိမ်ရာ၌ နေထိုင်သူ သုံးဦးမှာ မီးဘေးမှ ကင်းလွတ်ကြောင်းနှင့် အခြား နှစ်ဦးမှာ ဆက်သွယ်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

မီးလောင်မှုအား မေလ ၇ ရက် ည ၁၁း၂၀ နာရီတွင် ပထမဆုံး တွေ့ရှိခဲ့ပြီး မေလ ၈ ရက် နံနက်ပိုင်း ဒေသစံတော်ချိန် ၃း၃၀ နာရီ၌ မီးတောက်များ ကြီးလာခဲ့သည်ဟု ဆိုသည်။မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အဆောက်အအုံမှာ JR Minamikokura ရထားဘူတာ အနောက်မြောက်ဘက် မှ မီတာ ၇၀၀ ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။ (Xinhua)