Connect with us

Asia

တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေအဖြစ် ဖိလစ်ပိုင်နိုင်ငံ ကြေညာ

ဖိလစ်ပိုင်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေသည့် ကလေးငယ်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊သြဂုတ် ၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက် သိသာထင်ရှားစွာ တိုးမြင့်လာရာ တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေအဖြစ် ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင် ကြေညာခဲ့သည်။

ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးစာရင်းများအရ ယခုနှစ် ဇန်နဝါရီလ ၁ရက်မှ ဇူလိုင် ၂၀ ရက်အထိ ဖိလစ်ပိုင်တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၄၆,၀၀၀ ကျော် ရှိရာ ပြီးခဲ့သောနှစ် ၂၀၁၈ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်း တိုးမြင့်လာကြောင်းနှင့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၆၂၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ပတ်ကြာကာလတွင် ဖိလစ်ပိုင်နိုင်ငံ နေရာအမြောက်အမြား၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀,၀၀၀ ကျော်ကို တွေ့ရှိရရာ ပြီးခဲ့သောနှစ်ကာလတူထက် လွန်စွာ များပြားနေကြောင်း သိရသည်။

တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေအဖြစ် ကြေညာခြင်းသည် ဒေသအစိုးရနှင့် သက်ဆိုင်ရာဌာနများက သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေးတွင် လူအင်အား၊ ငွေကြေးနှင့် ပစ္စည်းများကို အဆင်ပြေအသုံးပြုဆောင်ရွက်စေနိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး Francisco Duque က ဆိုသည်။

ပြီးခဲ့သောလမှစ၍ ဖိလစ်ပိုင်အစိုးရက နေရာအမြောက်အမြားတွင် သွေးလွန်တုပ်ကွေး သတိပေးချက် ထုတ်ပြန်ခဲ့ရာ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်း တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ သည်။ လက်ရှိ ဖိလစ်ပိုင်တွင် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေပြီး ခြင်အန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ရောဂါအချိန်မီကုသရေးများလုပ်ဆောင်ရန် သတိပေးနှိုးဆော်မှု များ ပြုလုပ်နေကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ်ပြီး အဓိကအားဖြင့် အပူပိုင်းဒေသနှင့်အပူလျော့ပိုင်းဒေသများတွင် အဖြစ်များရာ ရောဂါဖြစ်ပွားချိန်တွင် ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း ၊ ကြွက်သားအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း စသည့် လက္ခဏာများရှိပြီး ရောဂါ ပြင်းထန်ပါက အသက်သေဆုံးနိုင်ကြောင်း သိရသည်။ ယခုနှစ်တွင် အရှေ့တောင်အာရှဒေသများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများ တိုးမြင့်နေရာ လာအို၊ ဗီယက်နမ်စသည့် နိုင်ငံများတွင် သွေးလွန်တုပ်ကွေးရောဂါ အခြေအနေဆိုးဝါးကြောင်း သိရသည်။ (Xinhua)