Connect with us

Asia

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ရထားလမ်း၊ ကုန်းလမ်း၊ သစ်တော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူ

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ ဧပြီလ ၂၇ ရက်က ပန်မွန်ဂျုံကြေညာစာတမ်းအား လဲလှယ်နေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ရထားလမ်း၊ ကုန်လမ်းနှင့် သစ်တော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံမှ ကိုယ်စားလှယ် ၃ ဦးစီတို့သည် ဇွန်လ ၂၆ ရက်တွင် နှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံကျေးရွာ တောင်ကိုရီးယားနိုင်ငံဘက်ခြမ်း၌ တွေ့ဆုံ၍ ရထားလမ်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံ ကုန်းလမ်း ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးရန် ပန်မွန်ဂျုံကျေးရွာ မြောက်ကိုရီးယားနိုင်ငံဘက်ခြမ်း၌ ဇွန်လ ၂၈ ရက်၌လည်းကောင်း၊ သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲကို ဇူလိုင်လ ၄ ရက်တွင်လည်းကောင်း အသီးသီး ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ဆောင်ရွက်ချက်များသည် ဧပြီလ ၂၇ ရက်က တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ပထမဆုံး ပြုလုပ်ခဲ့သည့် ထိပ်သီး အစည်းအဝေးအပြီး လက်မှတ်ရေးထိုးခဲ့သော ပန်မွန်ဂျုံ ကြေညာစာတမ်း အကောင်အထည်ဖော်ရေး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ယခုလို ဆောင်ရွက်ခြင်းသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ပထမဆုံး ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးကြခြင်း ဖြစ်သည်။ ထို့ပြင် စစ်ဘက်ဆိုင်ရာရေးရာများ၊ အားကစားဖလှယ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)