Connect with us

Asia

တောင်ကိုရီးယား ဓာတုစက်ရုံ ပေါက်ကွဲမှု ဖြစ်ပွား ၊ လူ ၃၆ ဦး ဒဏ်ရာရ

အခင်းဖြစ် မြင်ကွင်းအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ မတ် ၄ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသ၌ မတ် ၄ ရက်တွင် ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 

အဆိုပါ ပေါက်ကွဲမှုသည် South Chungcheong ပြည်နယ် ၊ Seosan မြို့၏ အနောက်တောင်ဘက်ရှိ Lotte Chemical ၏ ရေနံဓာတုစက်ရုံတစ်ရုံ၌ ဒေသစံတော်ချိန် နံနက် ၂ နာရီ ၅၉ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နှစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရသည်။ 

စက်ရုံအနီးရှိ ရွာသားများ နှင့် စက်ရုံ အလုပ်သမားများ အပါအဝင် လူ ၃၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ နောက်ဆုံး သိရှိရသော သတင်းများအရ စိုးရိမ်အခြေအနေတွင် ရှိနေကြောင်း သိရသည်။ 

ယင်းပေါက်ကွဲမှုသည် မီးလောင်နိုင်သည့် ဟိုက်ဒရိုကာဘွန်ဓာတ်ပေါင်း တစ်မျိုး ဖြစ်သည့် naphtha မှ ရေနံဓာတု ထုတ်လုပ်ရန် ပို့လွှတ်သော ကွန်ပရက်ဆာပိုက် ယိုစိမ့်မှုမှ စတင်ဖြစ်ပွားသည်ဟု ယူဆပြီး ဖြစ်စဉ်အကြောင်းရင်း အတိအကျအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် စက်ရုံ အနီးရှိ လူနေအိမ်များနှင့် ဈေးဝယ်စင်တာများ အပါအဝင် အဆောက်အဦ ၁၀ လုံးကျော် အပေါ် သက်ရောက်မှု ရှိခဲ့ပြီး ပြတင်းပေါက်မှန်များ ကွဲခြင်း နှင့် တစ်ချို့ အဆောက်အဦများ အပြင်နံရံ ပြိုကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြမှု အရ သိရသည်။  (Xinhua)