Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရပ်ကွက်ညကင်းစောင့်သူ ၁၅ ဦးကို သေနတ်သမားများက ပစ်သတ်

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း ယာလပြည်နယ်တွင် နိုဝင်ဘာ ၅ ရက် ညပိုင်းက သေနတ်သမားအုပ်စု၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်ညကင်းစောင့်သူ ၁၅ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်၌ ပြောကြားလိုက်သည်။

နယ်စပ်ပြည်နယ်တစ်ခုဖြစ်သော ယာလပြည်နယ် ခရိုင်မြို့တော်၏ Lam Phaya ရပ်ကွက်ရှိ Thung Sadao ကျေးရွာမှ ရပ်ကွက်ညကင်းစောင့်သူ ၁၁ ဦးမှာ လမ်းဘေးကင်းတဲ၌ သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ အခြားသူ ၄ ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ဌာနချုပ်ဆိုင်ရာ ရဲသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အမည်မသိ သေနတ်သမားများက နိုဝင်ဘာ ၅ ရက် ည ၁၁ : ၂၀ နာရီအချိန် ကင်းတဲအနောက်ဘက်ရှိ ရာဘာစိုက်ခင်းမှ အမှောင်ထုအတွင်း တိတ်တဆိတ်ဝင်ရောက်ကာ ရပ်ကွက်ကင်းစောင့်သူများအား ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်လုပ်ကြံသူများသည် သေနတ်များနှင့် အခြားလက်နက်များဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ်သလို အခင်းဖြစ်ပွားရာမှ မထွက်ခွာမီ လမ်းဘေးရှိတာယာများကို မီးရှို့ခဲ့ကြကြောင်း သိရသည်။

အာဏာပိုင်များက အခင်းဖြစ်ပွားသည့် ယာလပြည်နယ်တွင် လုံခြုံရေး ဆောင်ရွက်ချက်များ လုပ်ဆောင်နေကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။ (Xinhua)