Connect with us

Asia

တောင်ကိုရီးယားနိုင်ငံက ၂၀၂၂ ခုနှစ် မတိုင်မီ စစ်တပ်အင်အား ၅၀၀,၀၀၀ အထိ လျှော့ချရန် လျာထား

တောင်ကိုရီးယား စစ်တပ် တပ်ဖွဲ့ဝင်များ အထူးစစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံက လူဦးရေအခြေအနေလေ့လာဆန်းစစ်မှု ပြောင်းလဲခြင်းကို ကိုင်တွယ်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၂ ခုနှစ် မတိုင်မီ စစ်တပ်အင်အား ၅၀၀,၀၀၀ အထိ လျှော့ချရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

ခေတ်သစ်စစ်ပွဲတွင် ပြောင်းလဲခြင်းနှင့် ပြည်သူများစစ်မှုထမ်းနိုင်စွမ်း လျော့ကျလာခြင်းများအတွက် ပြင်ဆင်ရန် ၂၀၂၀ ခုနှစ်ထက်နောက်မကျဘဲ စစ်တပ် တပ်ဖွဲ့ဝင်အင်အား ၅၀၀,၀၀၀ ခန့်အထိ လျှော့ချသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ပါလီမန်သို့ တင်သွင်းသည့် အစိုးရ၏ ကာကွယ်ရေးဆိုင်ရာ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၌ စစ်တပ်အင်အား ၅၉၉,၀၀၀ ရှိကြောင်း သိရသည်။

စစ်တပ် တပ်ဖွဲ့ဝင်အရေအတွက်မှာ ၂၀၂၅ ခုနှစ်တွင် ၂၂၅,၀၀၀ သို့လည်းကောင်း၊ ၂၀၃၈ ခုနှစ်တွင် ၁၆၁,၀၀၀ အထိလည်းကောင်း လျှော့ချရန် မျှော်မှန်းထားကြောင်း သိရသည်။ 

တောင်ကိုရီးယားစစ်တပ်အနေဖြင့် လျော့ကျသွားသော တပ်ဖွဲ့ဝင်အင်အားများအစား လက်နက်တပ်ဆင်ထားသော ဒရုန်းများ၊ ထောက်လှမ်းရေးဂြိုဟ်တုများနှင့် လက်နက်တပ်ဆင်သော မောင်းသူမဲ့လေယာဉ်များ အသုံးပြုကာ သိပ္ပံနှင့် နည်းပညာအခြေခံသော မဟာဗျူဟာအပေါ် အာရုံစိုက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

၎င်းတို့အနေဖြင့် တောင်ကိုရီးယားနိုင်ငံသားခံယူထားသူများအား စစ်မှုမထမ်းမနေရဥပဒေအပေါ် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသားခံယူထားသူများ အနေဖြင့် ၎င်းတို့ရွေးချယ်ခဲ့ပါက စစ်တပ်တွင် တာဝန်ထမ်းဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)