Connect with us

Asia

နီပေါနိုင်ငံတွင် တောင်ကိုရီးယားနိုင်ငံသား ၅ ဦးအပါအဝင် တောင်တက်သမား ၈ ဦး သေဆုံး

ဆီးနှင်းများဖုံးလွှမ်းနေသည့်တောင်သို့ တက်နေသည့် တောင်တက်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်းတွင် ဆီးနှင်းထုပြိုကျမှုကြောင့် ဂါဂျာတောင် အခြေစိုက်စခန်းအား ဖုံးအုပ်သွားခဲ့ပြီး တောင်တက်အဖွဲ့ဝင်များဖြစ်သော တောင်ကိုရီးယားနိုင်ငံသား ၅ ဦးအပါအဝင် တောင်တက်သမား ၈ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များက အောက်တိုဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

“နှင်းမုန်တိုင်းကြောင့် ဆီးနှင်းထုပြိုကျကာ ဂါဂျာတောင် အခြေစိုက်စခန်းဖုံးအုပ်သွားခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံသား ၅ ဦးနဲ့ အခြားသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်” ဟု ဂန်ဒါကီပရာဒတ်ရှ်ပြည်နယ် Myagdi ခရိုင် ဒုရဲမှူး Birbajadur Buda Magar က ပြောကြားခဲ့သည်။

ဆီးနှင်းထုပြိုကျမှုတွင် အခြားလူတစ်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Magar က ဆိုသည်။နီပေါနိုင်ငံ တောင်တက်စခန်း ဦးဆောင်ညွှန်ကြားရေးမှူး Wangchu Sherpa က သေဆုံးမှုနှင့်ပတ်သက်၍ ဒေသခံ Himalayan Times သို့အတည်ပြုပြောကြားခဲ့ပြီး တောင်တက်အဖွဲ့ခေါင်းဆောင်နှင့် ၎င်း၏ ဝန်ထမ်းလည်း ယင်းဖြစ်ရပ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများပါဝင်သည့် ရဟတ်ယာဉ်အား အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် စေလွှတ်ထားခဲ့သော်လည်း ရာသီဥတုဆိုးဝါးမှုကြောင့် အခြေစိုက်စခန်းတွင် မဆင်းသက်နိုင်ဖြစ်ခဲ့ကြောင်း၊ ရာသီဥတုကောင်းမွန်လာပါက ကယ်ဆယ်ရေးလုပ်ငန်းအား နေ့လယ်နှောင်းပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း Magar က ပြောကြားခဲ့သည်။ (Xinhua)