Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦးအထိရှိလာ

ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိသော အေးဒီးစ်ခြင်ကျားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

“လူ ၅၀ လောက်မှာ ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး သူတို့အားလုံးက အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစတန်ပြည်နယ် မြို့တော် Jaipur က ဖြစ်ပါတယ်။ ကူးစက်ခံရသူအချို့က ဘီဟာပြည်နယ်လိုမျိုး နိုင်ငံအရှေ့ပိုင်းကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါ” ဟု ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယင်းအခြေအနေကို ပုံမှန်စောင့်ကြည့် ဆောင်ရွက်ရန် ရောဂါထိန်းချုပ်ရေးအမျိုးသားစင်တာတွင် ထိန်းချုပ်ခန်းတစ်ခုအား ဖွင့်လှစ်ထားခဲ့ပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ယခုအကြိမ်သည် အိန္ဒိယနိုင်ငံ ၂၀၀၇ ခုနှစ် ဇန်နဝါရီလမှစ၍ ဇီကာဗိုင်းရပ်ပြန့်ပွားမှု တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇီကာဗိုင်းရပ်စ်သည် နေ့လယ်ဘက်ကိုက်သည့် အေးဒီးစ်ခြင်ကြောင့် ကူးစက်ခြင်းဖြစ်ပြီး ရောဂါလက္ခဏာများအနေဖြင့် ဖျားခြင်း၊ အရေပြားနီရဲခြင်း၊ မျက်စိနာခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းများ ခံစားရကြောင်း သိရသည်။အိန္ဒိယနိုင်ငံတွင် ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံအနောက်ပိုင်း ဂူဂျာရစ်ပြည်နယ်တွင် ပထမဆုံးအကြိမ်၊ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်၌ ဒုတိယအကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ နှစ်ကြိမ်လုံးတွင် ရောဂါကိုထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)