Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် လေယာဉ်ပျက်ကျပြီးနောက် ရုပ်အလောင်း ၁၁ ခုကို တွေ့ရှိ၊ ဒဏ်ရာရသူ ၁၅ ဦးကို ဆေးရုံသို့ပို့ဆောင်

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် လေယာဉ်ပျက်ကျရာနေရာ၌ စုဝေးနေကြသည့် ဒေသခံများအား မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့တွင် မေ ၂၂ ရက် မွန်းလွဲပိုင်းက လူ ၁၀၀ ခန့်လိုက်ပါသွားသည့်  ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA) ပိုင် လေယာဉ်တစ်စင်း လူနေရပ်ကွက်တစ်ခုပေါ်သို့ ပျက်ကျခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက အနည်းဆုံး လူ ၁၁ ဦး၏ ရုပ်အလောင်းနှင့် ဒဏ်ရာရသူ ၁၅ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဒေသခံမီဒီယာနှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Jinnah ဆေးရုံ ပြောခွင့်ရပုဂ္ဂိုလ် Seemi Jamali က မီဒီယာသို့ ပြောကြားချက်အရ ဆေးရုံသို့ ရုပ်အလောင်း ၁၁ ခုနှင့် ပြင်းထန်သောမီးလောင်ဒဏ်ရာများရရှိထားသူ ၁၅ ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

ကရာချိမြို့ရှိ အဓိကဆေးရုံများအားလုံးတွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး ဆရာဝန်များ အလုပ်တာဝန်များကို ပါဝင်ဆောင်ရွက်နိုင်ရန် ၎င်းတို့၏ခွင့်ရက်များကိုလည်း ဖျက်သိမ်းထားကြောင်း နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် ကျန်းမာရေးဝန်ကြီး Azra Fazal Pechuho က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်ပေါ်တွင် COVID-19 ရောဂါဆိုင်ရာ ဘေးကင်းရေးဆောင်ရွက်ချက်များကြောင့် လူအပြည့်တင်ဆောင်ခဲ့ခြင်းမရှိကြောင်း PIA လေကြောင်းလိုင်း လုပ်ငန်းစီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး Jawad Haider က ပြောခဲ့သည်။ ဒေသတွင်းသတင်းများအရ ပန်ဂျပ်ဘဏ် အကြီးအကဲ အပါအဝင် အနည်းဆုံး လူနှစ်ဦး ဒဏ်ရာအနည်းငယ်ဖြင့် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

PIA ၏ ပြောခွင့်ရပုဂ္ဂိုလ် Abdullah Hafeez က Airbus 320 ခရီးသည်တင်လေယာဉ်သည် ကရာချိမြို့ Jannah နိုင်ငံတကာလေဆိပ်အနီး Jinnah ဥယျာဉ်နှင့်ကပ်လျက်ရှိသော Model Colony လူနေရပ်ကွက်၌ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း မီဒီယာသို့ ပြောခဲ့သည်။

“PIA ရဲ့ ခရီးစဉ်အမှတ် PK-8303 လေယာဉ်ဟာ နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ Allama Iqbal နိုင်ငံတကာလေဆိပ်ကနေ ဒေသစံတော်ချိန် မွန်းလွဲ ၁:၀၈ နာရီမှာ ကရာချိမြို့သို့ ထွက်ခွာသွားခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂:၄၅ နာရီမှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဖြည့်စွက်ပြောခဲ့သည်။

လေယာဉ်မှူးသည် လေဆိပ်ထိန်းချုပ်စခန်းသို့ အရေးပေါ်အကူအညီခေါ်ဆိုခဲ့ပြီး လေယာဉ်အတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းမှုဖြစ်နေကြောင်း ပြောကြားခဲ့ကြောင်း၊ သို့သော် ဒေသစံတော်ချိန် မွန်းလွဲ ၂:၃၇ နာရီအချိန်၌ ထိန်းချုပ်ရေးတာဝါနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ကယ်ဆယ်ရေးသမားတစ်ဦး၏ ပြောကြားချက်အရ လေယာဉ်ပျက်ကျမှုကြောင့် လူနေအိမ်ငါးလုံး၊ ဈေးဆိုင်အချို့နှင့် မော်တော်ယာဉ်များ ပျက်စီးခဲ့သဖြင့် မြေပြင်ပေါ်မှ လူများစွာ သေဆုံးခြင်းနှင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အစိုးရက COVID-19 ရောဂါ ပျံ့နှံ့မှု တိုက်ဖျက်ရေးဆောင်ရွက်ချက်များအရ ယခုနှစ် မတ်လအတွင်း ပြည်တွင်းလေကြောင်းလိုင်းလည်ပတ်မှုများကို ဆိုင်းငံ့ထားခဲ့ပြီး မေ ၁၆ ရက်တွင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ 

ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi နှင့် ဝန်ကြီးချုပ် Imran Khan တို့ကလည်း လေယာဉ်ပျက်ကျမှုနှင့် အသက်သေဆုံးသွားခဲ့ရသူများအတွက် ကြေကွဲဝမ်းနည်းကြောင်း ပြောကြားခဲ့ကြသည်။

ဝန်ကြီးချုပ်က သေဆုံးသူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို သိရှိရန် အရေးပေါ်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တွစ်တာမှတစ်ဆင့် ပြောခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်ကလည်း Chitral ခရိုင်မှ အစ္စလာမ်မာဘတ်မြိုသို့ ပျံသန်းခဲ့သည့် PIA ပိုင် ATR-42 လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသွားသည့် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၄၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117