Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဖိလစ်ပိုင်နိုင်ငံတွင် မန်ကွတ်တိုင်ဖွန်းမုန်တိုင်း မဝင်ရောက်မီ စက်တင်ဘာလ ၁၄ ရက်ညက လမ်းသွားလမ်းလာတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီရေဂိုစီးတီး၊ ဖိလစ်ပိုင်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မန်ကွတ် (Mangkhut) တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Cagayan ပြည်နယ်ရှိ Baggao မြို့သို့ စက်တင်ဘာလ ၁၅ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ဒေသစံတော်ချိန် နံနက် ၁း၄၀ နာရီက ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကမ္ဘာ့လေထု၊ ဘူမိရူပဗေဒနှင့် နက္ခတ်ဗေဒနှင့်ဆိုင်ရာ လုပ်ငန်းများ အုပ်ချုပ်ရေးအဖွဲ့ (PAGASA) က ပြောကြားခဲ့သည်။ ယင်းမုန်တိုင်းသည် ပြည်နယ်သို့ဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရီလျှင် ၂၀၅ ကီလိုမီတာရှိပြီး လေပုန်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ၂၅၅ ကီလိုမီတာအထိရှိကြောင်း သိရသည်။

ယင်းပြည်နယ်သို့ တိုင်ဖွန်းမဝင်ရောက်မီ နာရီအနည်းငယ်အလိုတွင် ပြင်းထန်သောလေတိုက်နှုန်းကြောင့် သစ်ပင်များ လှုပ်ရမ်းခြင်းနှင့် အိမ်ပြတင်းပေါက်မှန်များ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားခြင်းတို့ ဖြစ်ခဲ့သည်ဟု ဒေသခံ မီဒီယာသတင်းများက ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မြို့တော် Metro Manila နှင့် အချို့ကျွန်းများ အပါအဝင် လူဇွန်ကျွန်းမကြီး၏ ပြည်နယ် ၃၉ ခုတွင် မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်သည်။ စက်တင်ဘာလ ၁၄ ရက်တွင် မြောက်ပိုင်းပြည်နယ်များရှိ ဒေသခံ ၁၅,၃၀၀ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီးကြောင်း သိရသည်။

မာကွတ်တိုင်ဖွန်းမုန်တိုင်းကြောင့် ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ် ၅၀ ကျော်အား မုန်တိုင်း မဝင်ရောက်မီ နာရီများစွာကကတည်းက ရွှေ့ဆိုင်းခဲ့ကြောင်း၊ စာသင်ကျောင်းများနှင့် အစိုးရရုံးလုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။

မာကွတ်ခ် တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းပိုင်းမှ စက်တင်ဘာလ ၁၅ ရက်နေ့လယ်ပိုင်းတွင် ထွက်ခွာကာ တောင်တရုတ်ပင်လယ်သို့ ဦးတည်ကြောင်း ခန့်မှန်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.