Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း၏ ဇနီး မွေးနေ့ပါတီတွင် လူ ၈၀ ကျော် အစာအဆိပ်သင့်ခဲ့

အသက် ၉၀ ပြည့်မွေးနေ့ကျင်းပနေသော ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း၏ဇနီး အီမယ်လ်ဒါ မာကို့စ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မက်ထရို မနီလာမြို့တော်၏အရှေ့ဘက် Pasig မြို့တွင် ဇူလိုင်လ ၃ ရက်က သမ္မတဟောင်း ဇနီး အီမယ်လ်ဒါ မာကို့စ် (Imelda Marcos) ၏ နှစ် ၉၀ ပြည့်မွေးနေ့ပါတီ ကျင်းပနေစဉ် ပါတီပွဲဥို့ တက်ရောက်လာသူများအနက် လူ ၈၀ ကျော် အစာအဆိပ်သင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဗိုက်အောင့်ခြင်း၊ ပျို့ခြင်းနှင့် အော့အန်ခြင်း ဝေဒနာများခံစားခဲ့ရသူများအား ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း Pasig မြို့ရဲချုပ် ရဲမှူး Rizalito Gapas က ပြောခဲ့သည်။

ကနဦးစစ်ဆေးချက်များအရ ဝက်အသားပြားအား ပဲပိစပ်ဆော့စ်၊ ရှာလကာရည်၊ ကြက်သွန်ဖြူများနှင့်ချက်ပြုတ်ထားသော နာမည်ကျော် ဖိလစ်ပိုင်အစားအစာတစ်မျိုးဖြစ်သည့် Adobo အား စားသုံးပြီးနောက် အစာအဆိပ်သင့်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အစားအစာကြောင့် ဧည့်သည်များ အဆိပ်သင့်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ရန် နောက်ထပ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

အားကစားကွင်းတစ်ခုအတွင်း ပြုလုပ်ခဲ့သည့် အဆိုပါ မွေးနေ့ပွဲသို့ ခန့်မှန်းခြေ လူဦးရေ ၂၅၀၀ ဦးတက်ရောက်ခဲ့ကြောင်း Gapas က ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဖာဒီနန် မာကို့စ် (Ferdinand Marcos) ၏ ဇနီး အီမယ်လ်ဒါ မာကို့စ်သည် ဇူလိုင်လ ၂ ရက်က အသက် ၉၀ ပြည့်ခဲ့ခြင်းဖြစ်သည်။ (Xinhua)