Connect with us

Asia

ရက်လွန် အစားအစာများ စားသောက်မိပြီးနောက် ကမ္ဘောဒီးယား ကျောင်းသား ၂၀၀ ကျော် အော့အန်ခဲ့

ကမ္ဘောဒီးယားနိုင်ငံ စာသင်ကျောင်း တစ်ကျောင်းရှိ ကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် အလှူရှင် အဖွဲ့ တစ်ဖွဲ့က ကျွေးမွေးသော အစားအစာများမှာ ရက်လွန်နေသည့် အတွက် ယင်း အစားအစာများကို စားမိသည့် ကျောင်းသား ၂၂၂ ဦး အော့အန်သွားခဲ့ကြောင်း ဒေသခံ ရဲချုပ်က ဇန်နဝါရီလ ၁၄ ရက်က ပြောကြားလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်ပိုင်း ပါရ်ဆတ်ပြည်နယ် ဖနွမ်းကရာဗန်ခရိုင် ရဲချုပ် Vong Sareth က ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းက မူလတန်းကျောင်း တစ်ကျောင်းတွင် ဆန်၊ ဝက်သားကင်နှင့် သခွားသီး အချပ်လေးများ စားပြီးသည့်နောက် ကျောင်းသားလေးများ အော့အန်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။“သူတို့က မသန့်ရှင်းတဲ့ အစားတွေ စားမိပြီး သုံးနာရီလောက်အကြာမှာ အန်တာ၊ အစာအိမ်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်ခဲ့ကြတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ယင်းသို့ ဖြစ်ပွားပြီးနောက် အဆိုပါ ကလေးငယ်များကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးရန်အတွက် အစားအစာ နမူနာကို ပြည်နယ်ဆိုင်ရာ အစားအစာ ဘေးကင်းရေး ဗျူရိုသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များအားလုံး တည်ငြိမ်သည့် အခြေအနေ ရောက်ရှိလာခဲ့ပြီး အချို့မှာ နာလန်ထလာပြီ ဖြစ်ကြောင်းနှင့် အချို့မှာ ဇန်နဝါရီလ ၁၄ ရက်အထိ ဆေးရုံတွင် နေရမည် ဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံတွင် အစားအသောက် စစ်ဆေးမှုများ ရှားပါးလွန်းလှသလို စည်းမျဉ်းစည်းကမ်းများလည်း လျော့နည်းလျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကလည်း ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ Oddar Meanchey ပြည်နယ်၌ ရက်လွန်နေသည့် ရိုးရာ အချိုပွဲများ စားသောက်ပြီးနောက် ကျောင်းသား ၁၃၉ ဦး အော့အန်ခဲ့ကြောင်း သိရသည်။ (Xinhua)