Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ မြေပြိုမှုထပ်မံဖြစ်ပွား ၊ သေဆုံးသူ ၁၃ ဦးထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်၌ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်အစောပိုင်းကဖြစ်ပွားခဲ့သော မြေပြိုမှုမြင်ကွင်းအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဘာလီကျွန်း၌ ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)တွင် မြေပြိုမှု ထပ်မံဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ စုစုပေါင်း ၁၃ ဦးထိရှိလာပြီး အခြား ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဘာလီသဘာဝဘေးအန္တရာယ်အေဂျင်စီမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

ဘန်လီ(Bangle) ခရိုင် Subaya ကျေးရွာ၌ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် လူတစ်ဦး သေဆုံးသွားကြောင်း ဘာလီသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ အဖွဲ့ခေါင်းဆောင် Indra က ပြောသည်။

“ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပါတယ်” ဟု ၎င်းက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ပြောကြားခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၉ ရက် နှင့် ၁ဝ ရက်များတွင် Songan ၊ Awan နှင့် Sukawana ကျေရွာများ၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၂ ဦးသေဆုံးပြီး အခြား ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီက အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Jembrana ခရိုင် ၊ Buleleng ခရိုင် ၊ Badung ခရိုင် ၊ Tabanan ခရိုင် နှင့် Gianyar ခရိုင်များတွင် ဖေဖော်ဝါရီလ ၁၁ ရက်ထိ မြေပြိုမှုများ ၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ခြေရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြည်သူများထံသို့ သတိပေးချက်ထုတ်ပြန်ထားသည်ဟု တာဝန်ရှိသူများက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှု နှင့် မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)