Connect with us

Asia

အန်ကောဝပ် ဘုရားကျောင်းအတွင်း ပိုကီမွန် ဂိုးဂိမ်း ကစားသူများအတွက် ကမ္ဘောဒီးယား သတိပေးချက် ထုတ်ပြန်

အန်ကော ရှေးဟောင်းအမွေအနှစ် ဥယျာဉ်အတွင်း ပိုကီမွန် ဂိုးကစားသူတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကော ရှေးဟောင်းအမွေအနှစ် ဥယျာဉ်အတွင်း ပိုကီမွန် ဂိုးဂိမ်း ကစားသူများအား ရှေးဟောင်းအမွေအနှစ်များ မပျက်စီးစေရန် သတိထားစေလိုကြောင်း ကမ္ဘောဒီးယား က သြဂုတ် ၁၉ ရက်တွင် သတိပေးပြောကြားလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံ အန်ကော ရှေးဟောင်းအမွေအနှစ် ဥယျာဉ် ထိန်းသိမ်းစောင့်ရှောက်မှု အာဏာပိုင်အဖွဲ့ Apsara ၏ ညွှန်ကြားရေးမှူးချုပ် Sum Map က “ရှေးဟောင်းဘုရားကျောင်းတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုများ အတွက် အန်ကော ဧရိယာအတွင်း အထူးသဖြင့် ရှေးဟောင်း ဘုရားကျောင်းဝင်းများအတွင်း ပိုကီမွန် ဂိုးဂိမ်း ကစားကြတဲ့ ပြည်တွင်း၊ပြည်ပမှ ခရီးသွားများ အနေနဲ့ တာဝန်ယူမှု အပြည့်ဖြင့် သတိထား ကစားကြရန် Apsara အာဏာပိုင် အဖွဲ့ က မေတ္တာရပ်ခံပါတယ်”ဟု ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဂိမ်းကစားသူများ အနေဖြင့် ဧည့်လမ်းညွှန်များ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်၊ ဘုရားကျောင်းများရှိ သတိပေးညွှန်ကြားချက်များကို လေးစားရန်၊ တားမြစ်ဧရိယာများ နှင့် အန္တရာယ်ရှိသည့် ဧရိယာများအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တိုက်တွန်းထားကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက် Siem Reap ပြည်နယ်အတွင်းရှိ အန်ကော ရှေးဟောင်းအမွေအနှစ် ဥယျာဉ်သည် ၁၉၉၂ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းထည့်သွင်းခံရပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ ၂၀၁၆ခုနှစ် ပထမ ခြောက်လ အတွင်း အဆိုပါ ဥယျာဉ်သို့ ပြည်ပနိုင်ငံများမှ လာရောက်လည်ပတ်သူ ၁.၀၉သန်း ရှိခဲ့ပြီး လက်မှတ်ရောင်းချမှုများမှ အမေရိကန်ဒေါ်လာ ၃၁ သန်းခန့်ရရှိခဲ့ကြောင်း သိရသည်။

ပိုကီမွန် ဂိုးဂိမ်းသည် Augment Reality Technology ဟုခေါ်သည့် ကွန်ပြူတာ မှဖန်တီးထားသော ပုံရိပ် (သို့) ဗွီဒီယိုများအား လက်တွေ့လောက နှင့် ပေါင်းစပ်ထားသည့် နည်းပညာ နှင့် ကမ္ဘာ့တည်နေရာအချက်ပြစနစ် (GPS) တို့အား ချိတ်ဆက်အသုံးပြုထားသော စမတ်ဖုန်းဂိမ်းတစ်ခုဖြစ်ပြီး ယင်းဂိမ်း ကြောင့် တစ်ကမ္ဘာလုံးတွင် ထိခိုက်ဒဏ်ရာရရှိမှု နှင့် လူသေဆုံးမှု အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် ၎င်းနှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အဆိုပါဂိမ်း၌ ကစားသူများသည် ၎င်းတို့၏ လက်တွေ့ပတ်ဝန်းကျင်ရှိ ဒီဂျစ်တယ် ပိုကီမွန် သတ္တဝါလေးများ လိုက်လံရှာဖွေဖမ်းဆီး ရပြီး ရရှိလာသည့် ပိုကီမွန်များအား အခြားကစားသူများ၏ ပိုကီမွန်များနှင့် တိုက်ခိုက်ရန် လေ့ကျင့်ပေးရကြောင်း သိရသည်။ (Xinhua)