Connect with us

Asia

အမေရိကန်သမ္မတ အိုဘားမား၏ ဟီရိုရှီးမား ခရီးစဉ်

ဟီရိုရှီးမား ငြိမ်းချမ်းရေး ပန်းခြံတွင် မိန့်ခွန်း ပြောကြားနေသော အမေရိကန်သမ္မတ အိုဘားမားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟီရိုရှီးမား ၊ မေ ၂၈ ရက် (ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်တွင် အမေရိကန်နိုင်ငံက နျူကလီယား ဗုံးကျဲချခဲ့သည့် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့သို့ သမ္မတ အိုဘားမားသည် နှစ်ပေါင်း ၇၁ နှစ်ကြာ ကာလအတွင်း ပထမဆုံး အမေရိကန် သမ္မတတစ်ဦး၏ အလည်အပတ်ခရီးစဉ် အဖြစ် မေလ ၂၇ ရက်က ရောက်ရှိလာခဲ့သည်။

အိုဘားမားက “ နျူကလီးယား ကင်းစင်သော ကမ္ဘာကြီး” ဖြစ်လာစေရန် ဝိုင်းဝန်း ကြိုးပမ်းကြရန် ဟီရိုရှီးမား ငြိမ်းချမ်းရေး အမှတ်တရ ပန်းခြံတွင် ပြုလုပ်သည့် လွမ်းသူ့ပန်းခွေချ အခမ်းအနား၌ တိုက်တွန်း ပြောကြားခဲ့သည်။

“ သူတို့ သေဆုံးမှုအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြဖို့လာခဲ့တာပါ”ဟု သမ္မတအိုဘားမားက ဆိုသည်။ သို့သော် အမေရိကန်သမ္မတသည် နျူကလီးယား ဗုံးကျဲချခဲ့သည့်အတွက် တောင်းပန်ကြောင်း သို့မဟုတ် နောင်တရကြောင်းကို တိုက်ရိုက် ဖော်ညွှန်းရာ ရောက်သည့် စကားရပ်အားလုံးကို ရှောင်ရှားခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတအိုဘားမား၏ ဟီရိုရှီးမားခရီးစဉ်သည် အနာဂတ်တွင် နျူကလီယား ဗုံးကြောင့် ဝမ်းနည်းစရာများ ထပ်မံ မပေါ်ပေါက်ရစေရန် နှင့် နျူကလီးယား ကင်းစင်သော ကမ္ဘာကြီး ဖြစ်စေရန် ပြည်သူများ၏ မျှော်လင့်ချက်ကို ယူဆောင် လာပေးသည့် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ အိုဘားမားသည် ငြိမ်းချမ်းရေး အမှတ်တရ ပန်းခြံသို့ ဂျပန်ဝန်ကြီးချုပ် အာဘေး နှင့် အတူသွားရောက်ခဲ့ပြီး နျူကလီးယား ဗုံးဒဏ်မှ အသက်ရှင် ကျန်ရစ်သူများနှင့် ခဏတာ တွေ့ဆုံ စကားပြောခဲ့သည်။

အိုဘားမား၏ ခရီးစဉ်တွင် နျူကလီးယား ဗုံးကျဲချခဲ့ခြင်း နှင့်ပတ်သက်၍ တောင်းပန်ရန် မရှိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြိုတင် သတင်းထုတ်ပြထားသော်လည်း ဂျပန်လူမျိုးအများစုက ၎င်းခရီးစဉ်ကို တောင်းပန်မှု အဖြစ်ရှုမြင် နေကြဆဲဖြစ်သည်။
ဟီရိုရှီးမား ငြိမ်းချမ်းရေး ပန်းခြံသို့အိုဘားမား မရောက်လာမီ နာရီပိုင်းအလိုတွင် ဂျပန်ပြည်သူ ဒါဇင်ပေါင်းများစွာသည် အိုဘားမား၏ ဟီရိုရှီးမားခရီးစဉ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

အမေရိကန်နိုင်ငံသည် ၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံ ဟီရိုရှီမားမြို့ပေါ်သို့အနုမြူဗုံး တစ်လုံးကျဲချပြီး ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့သည်။

ဂျပန်နိုင်ငံအစိုးရသည် ဟီရိုရှီမား အနုမြူဗုံးဒဏ် ခံရခြင်းကို အကြောင်းပြုပြီး ၎င်းတို့နိုင်ငံကို စစ်ဘေးဒဏ် ခံစားရသည့် နိုင်ငံတစ်ခုအဖြစ် မကြာခဏဆိုသလို ပုံသွင်းရန် ကြိုးပမ်းခဲ့သော်လည်း အမှန်စင်စစ် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့ရသော စစ်ပွဲများသာဖြစ်သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပေကျင်းမြို့၌ သတင်းထောင်များနှင့်တွေ့ဆုံစဉ် “ ဟီရိုရှီးမားကို အလေးပေး အာရုံစိုက်တာ ထိုက်တန်ပါတယ်။ ဒါပေမယ့် နန်ကျင်းအရေးကိုလည်း မေ့ဖျောက်ပစ်ဖို့မသင့်ပါဘူး” ဟု ပြောကြားခဲ့သည်။ (Xinhua)