Connect with us

Asia

အာဖဂန်စစ်တပ်က တာလီဘန်များ လက်မှ မြောက်ပိုင်း Dand-e-Ghori ခရိုင်အား ပြန်လည်သိမ်းပိုက်

Dand-e-Ghori ခရိုင် ရှိ တာလီဘန်စစ်သွေးကြွများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အာဖဂန်နစ္စတန်၊ မတ် ၃ ရက် (ဆင်ဟွာ)

အာဖဂန် လုံခြုံရေး တပ်ဖွဲ့သည် တာလီဘန်များ နှင့် ရက်သတ္တပတ်ပေါင်းများစွာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် Baghlan ပြည်နယ် အမြောက်ပိုင်းရှိ Dand-e-Ghori ခရိုင်အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး တာလီဘန်များအား အဆိုပါဧရိယာ မှ မောင်းထုတ်နိုင်ခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Abdul Sattar Bariz က မတ်လ ၃ရက်နေ့ ကပြောကြားခဲ့သည်။

Bariz က အစိုးရ၏ တပ်ဖွဲ့များသည် Dand-e-Ghori ခရိုင်မှ အကြမ်းဖက်သမားများကို မတ်လ ၂ရက်နေ့ ညတွင် အကုန်ရှင်းလင်းနိုင်ခဲ့ပြီး ခရိုင်၏ မတူညီသော နေရာအသီးသီး၌ အကြမ်းဖက်သမားများ မခိုအောင်း ကျန်ရစ်ခဲ့ခြင်းမရှိစေရန် တစ်အိမ် ပြီး တစ်အိမ် စစ်ဆေး ရှင်းလင်းမှု များလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် တိုက်ပွဲနှင့် ပတ်သက် ၍ နှစ်ဖက်စလုံး၏ သေဆုံးသူ အရေအတွက်အသေးစိတ် ကို ပြောကြားခြင်း မရှိသေးဘဲ အသေးစိတ် အချက်အလက်များကို နောက်ပိုင်းမှသာလျှင် မီဒီယာများထံ ဖြေကြားပေးသွားမည်ဖြစ်ကြောင်း Bariz ကပြောကြားခဲ့သည်။

တာလီဘန် စစ်သွေးကြွများသည် Dand-e-Ghori ခရိုင်အား ၎င်းတို့၏ ခံတပ်သဖွယ် ပြုလုပ်ပြီး Baghlan ပြည်နယ် နှင့် ၎င်း၏ အိမ်နီးချင်း ပြည်နယ်များဖြစ်သော Kunduz နှင့် Takhar တို့တွင် အကြမ်းဖက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဒေသမှ တာလီဘန်များအား တိုက်ထုတ်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့သည် လွန်ခဲ့သည့် ၅ပတ် ကတည်းက ထိုးစစ်ဆင်ခဲ့ပြီး တရားဝင်ထုတ်ပြန်ချက်များ အရ လက်နက်ကိုင် စစ်သွေးကြွ အယောက် ၂၀၀သေဆုံး ခဲ့ကြောင်း သိရသည်။

တာလီဘန် စစ်သွေးကြွများ ဘက်မှလည်း လွန်ခဲ့သော ၅ပတ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀ ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း Dand-e-Ghori ခရိုင်နှင့် ပတ်သက်၍ မှတ်ချက်ပေး ခြင်းမရှိကြောင်း သိရသည်။

မြို့တော် ကဘူးလ်မှ ကီလိုမီတာ ၁၆၀ အကွာအဝေး၌ တည်ရှိသော Baghlan ပြည်နယ် သည် နှစ်ပေါင်းများစွာ စစ်သွေးကြွအုပ်စုများကျက်စားရာ ဒေသဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.