Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် Emirates လေကြာင်းလိုင်းမှ လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်ခဲ့ရပြီး လူ ၁၁ ဦး ဒဏ်ရာရ

Emirates လေကြာင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

Emirates လေကြောင်းလိုင်း လေကြောင်းပျံသန်းမှုအမှတ်စဉ် EK 450 အရ ဒူဘိုင်းမှ နယူးဇီလန်သို့ ပျံသန်းလာသော လေယာဉ်တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေဆိပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားလိုက်သည်။

“လေယာဉ်က စင်ကာပူနိုင်ငံ၏ဝေဟင်အထက် အမြင့်ပေ ၃၅,၀၀၀ တွင် လေထုအခြေအနေ ဆိုးဝါးမှုနှင့် ကြုံတွေ့ခဲ့ရပြီး ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ဘာလီရှိ I Gusti Ngurah Rai international လေဆိပ်၏ ပြောရေးဆိုခွင့်ရှိသူ အာရီ အက်ဆန်နာရိုဟင်မ် (Arie Ahsanurrohim) က ပြောခဲ့သည်။

အခင်းဖြစ်ပွားစဉ်တွင် လေယာဉ်ပေါ်၌ လူ ၃၂၆ ဦး လိုက်ပါသွားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ ဘိုးရင်း 777-300 လေယာဉ်သည် ဒူဘိုင်းမှ အော့ကလန်မြို့သို့ ဘာလီမှတစ်ဆင့် ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်။

ယင်းလေယာဉ်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၃း၀၇ နာရီက ဘာလီလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ (Xinhua)