Connect with us

Europe

ကမ္ဘာ့ဖလားဆုရှင် ဖိလစ်လမ်း ယခုရာသီကုန်တွင် ဘောလုံးသမားဘဝမှ အနားယူတော့မည်

ဂျာမနီဘောလုံးသမား ဖိလစ်လမ်း အား ကမ္ဘာ့ ဖလားဆု နှင့်အတူတွေ့ ရစဉ် (ဆင်ဟွာ)

ဘာလင် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ၏ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အသင်း၌ ပါဝင်ခဲ့သော ဖိလစ်လမ်းသည် ယခုနှစ်ဘောလုံးရာသီအကုန်တွင် ဘောလုံးသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း နှင့် ၎င်းသည် ဘေယန်မြူးနစ်အသင်း၏ အားကစားဒါရိုက်တာ ရာထူးကိုလည်း လက်ခံရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

“ အခုရာသီကုန်မှာ ဘောလုံးသမားဘဝက အနားယူဖို့ဆုံးဖြတ်ထားပါတယ်” ဟု ဂျာမန်ဖလား တတိယအဆင့်ပွဲစဉ်တွင် ဝုဒ်ဘတ်အသင်းအား ၁ဂိုး-ဂိုးမရှိဖြင့် ဘေယန်မြူးနစ် အသင်းက အနိုင်ယူခဲ့ပြီးနောက်တွင် အသက် ၃၃ နှစ်အရွယ်ရှိ ဘေယန်မြူနစ်နောက်ခံကစားသမား သည် အနားယူရန် ပြောကြားလိုက်ခြင်းဖြစ်သည်။

ဘေယန်မြူးနစ်အသင်းသည် လာမည့် ဘောလုံးရာသီတွင် ဖိလစ်လမ်းအား အသင်း၏ အားကစားဒါရိုက်တာ အသစ် အဖြစ် ရာထူးပေးအပ်သွားရန် စီစဉ်ထားသော်လည်း အသင်း၏ သက်တော်ရှည် အသင်းခေါင်းဆောင်က ၎င်းရာထူးအား လက်ခံရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

“ အားကစားဒါရိုက်တာ အလုပ်ကို လက်ခံဖို့အချိန်မကျသေးပါဘူး။ ဒါကြောင့် ငြင်းဆန်ဖို့ဆုံးဖြတ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။ ဖိလစ်လမ်းသည် အသက် ၁၁ နှစ်အရွယ် ၁၉၉၅ ခုနှစ်တွင် ဘေယန်မြူးနစ် လူငယ်အကယ်ဒမီကျောင်းသို့စတင်ရောက်ရှိခဲ့သည်။ ထို့နောက် ဆုကြေးစားဘောလုံးသမားဘဝကို စတုဂတ် အသင်း၌ နှစ်နှစ်အငှားဖြင့် ကစားခဲ့သည်မှအပ Bavarians အခြေစိုက် ဘေယန်မြူးနစ်အသင်းတွင် ကုန်ဆုံးစေခဲ့သည်။ ကမ္ဘာ့အဆင့် နောက်ခံကစားသမားတစ်ဦးဖြစ်သူ ဖိလစ်လမ်းသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၅ ရက်က ရှော်ကေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဘေယန်မြူးနစ်အသင်းအတွက် ပွဲ ၅ဝဝ မြောက် ပြည့်တင်းခဲ့ကြောင်း သိရသည်။

ဖိလစ်လမ်းသည် ဘောလုံးသမားဘဝတစ်လျှောက်တွင် ဂျာမနီဘွန်ဒက်စ်လီဂါ ဖလား ၇ ကြိမ် ၊ ဂျာမန်ဖလား ၆ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် နှင့် ကမ္ဘာ့ဖလား ချန်ပီယံဆု ၁ ကြိမ် အသီးသီးဆွတ်ခူးရရှိခဲ့သည်။ ၎င်းသည် ၂ဝ၁၁ ခုနှစ်တွင် ဘေယန်မြူးနစ်အသင်းခေါင်းဆောင်ရာထူးကို ဒတ်ချ်လူမျိုး မက်ခ်ဘန်ဘွန်မဲလ် ( Mark Van Bommel ) ထံမှ ဆက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ဖိလစ်လမ်းသည် ဂျာမနီနိုင်ငံလက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၁၁၃ ပွဲ ပါဝင်ကစားခဲ့ပြီး ဘရာဇီးနိုင်ငံ၌ ၂ဝ၁၄ ခုနှစ်တွင်ကျင်းပခဲ့သော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ဂျာမနီအသင်း၏ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခြေစွမ်းပြခဲ့သည်။ အဆိုပါ ပြိုင်ပွဲပြီးနောက် ဖိလစ်လမ်းသည် နိုင်ငံ့လက်ရွေးစင်အသင်းမှ အနားယူခဲ့ကြောင်း သိရသည်။ (Xinhua)