Connect with us

Europe

ဗြိတိန်အောက်လွှတ်တော်က Brexit သဘောတူညီချက်ကို ထပ်မံပယ်ချ

Brexit သဘောတူညီချက်ကို မတ် ၁၂ ရက်က ဗြိတိန်အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်စဉ် (ဆင်ဟွာ)

လန်ဒန်၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂအကြား သဘောတူညီမှုရရှိထားသည် Brexit သဘောတူညီချက် သည် မတ် ၁၂ ရက် ဗြိတိန်အောက်လွှတ်တော် မဲခွဲဆုံးဖြတ်ရာတွင် ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။ ဥရောပသမဂ္ဂမှ ဗြိတိန် သဘောတူညီချက်မဲ့ နုတ်ထွက်ရန် သို့မဟုတ် အချိန် ရွှေ့ဆိုင်း နုတ်ထွက်ရန် လာမည့် နှစ်ရက်တွင် အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

Brexit သဘောတူညီချက်ကို မတ် ၁၂ ရက်က ဗြိတိန်အောက်လွှတ်တော်တွင် အကြိတ်အနယ်ဆွေးနွေးခဲ့ရာ နောက်ဆုံးတွင် ကန့်ကွက်မဲ ၃၉၁ မဲ၊ ထောက်ခံမဲ ၂၄၂ မဲဖြင့် ဒုတိယအကြိမ် ပယ်ချခံခဲ့ရသည်။ သဘောတူညီချက်ပါ အိုင်ယာလန်နယ်စပ်ရေးရာသည် ဗြိတိန် နိုင်ငံ၏ မြောက်ပိုင်း အိုင်ယာလန်ဒေသက ဥရောပသမဂ္ဂတွင် ကျန်ရှိနေမည်ကို စိုးရိမ်သောကြောင့် ကွန်ဆာဗေးတစ်ပါတီလွှတ်တေ်ာအမတ်များနှင့် မြောက်အိုင်ယာလန် ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ (DUP)ပါတီ လွှတ်တော်အမတ်များ ကန့်ကွက်မဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွှတ်တော်က Brexit သဘောတူညီချက်ကို ပယ်ချခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း ၊ ၎င်းသဘောတူညီချက်သည် ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂနှင့် ရယူထားသည့် အကောင်းဆုံး သဘောတူညီချက်ဖြစ်သည်ဟု အခိုင်အမာယုံကြည်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက လွှတ်တော်မဲခွဲရလဒ်အပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လွှတ်တော်က သဘောတူညီချက်ကို ငြင်းပယ်ခဲ့သည့်အတွက် ဥရောပသမဂ္ဂမှ ဗြိတိန် မနုတ်ထွက်နိုင်ခြင်း အန္တရာယ်ကို တာဝန်ခံရမည်ဟု ထရီဇာမေက အလေးအနက်ထားပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အနေဖြင့် Brexit သဘောတူညီချက်သည် လက်ရှိတွင် နာမည်သာရှိသည့်အခွံတစ်ခုသာ ဖြစ်ကြောင်း ဝန်ခံရမည်ဟု အတိုက်အခံပါတီဖြစ်သည့် လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn က မဲပေးပြီးနောက်ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလက Brexitသဘောတူညီချက်ကို ဗြိတိန်အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ငြင်းပယ်ခံခဲ့ရပြီး ဥရောပသမဂ္ဂနှင့်ပြန်လည်ဆွေးနွေးညှိနှိုင်းကာ သဘောတူညီချက်ပါ အကြောင်းအရာများကို ပြင်ဆင်ရန် ဝန်ကြီးချုပ်ထရီဇာမေကို တောင်းဆိုခဲ့သည်။

ဗြိတိန် မြောက်အိုင်ယာလန်ဒေသက Brexitအကူးအပြောင်းကာလအဆုံးသတ်ချိန်တွင် ဥရောပသမဂ္ဂ၌ အကန့်အသတ်မဲ့ သောင်တင်နေသည့်အခြေအနေမျိုးမဖြစ်စေရန် သဘောတူညီချက်ရှိသက်ဆိုင်ရာ အကြောင်းအရာများကို ပြင်ဆင်ရန် ဥရောပသမဂ္ဂက သဘောတူပြီး ဖြစ်ကြောင်း ထရီဇာမေက မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ပြည်သူ့ဆန္ဒကောက်ယူမှု တွင် ပြင်ဆင်ထားသည့် သဘောတူညီချက်သည် ယခင် လွှတ်တော်တွင် ပယ်ချခံရသည် သဘောတူညီချက်နှင့်ယှဉ်လျှင် လက်တွေ့ကျသည့်ပြောင်းလဲမှုမရှိဟု အများက ယူဆကြကြောင်း သိရသည်။

အိုင်ယာလန်နယ်စပ်ရေးရာသည် Brexit သဘောတူညီချက်တွင် အငြင်းပွားဆုံး ပြဿနာတစ်ခုဖြစ် သည်။ သဘောတူညီချက်အရ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်သည့် အကူးအပြောင်းကာလတွင် မြောက်အိုင်ယာလန်ဒေသ ကုန်သွယ်ရေးနှင့်ပတ်သတ်၍ ပိုမိုကောင်းမွန်သည့်နည်းလမ်းညှိနှိုင်းမရခဲ့လျှင် အကူးအပြောင်းကာလအပြီးတွင် အရံပြင်ဆင်ချက်ကို စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အရံပြင်ဆင်ချက်ပါ အဓိကအကြောင်းအရာမှာ မြောက်အိုင်ယာလန်ဒေသနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် အိုင်ယာလန်နိုင်ငံအကြားတွင် hard border အနေဖြင့် အကောက်ခွန်ဌာနနှင့် နယ်စပ် စစ်ဆေးရေး ထားရှိမည်မဟုတ်ကြောင်း သိရသည်။ အဆိုပါ အရံပြင်ဆင်ချက်မှာ ဥရောပသမဂ္ဂ ကုန်သွယ်ရေးစည်းမျဉ်းများ၏ အနှောင်အဖွဲ့ဖြင့် မြောက်အိုင်ယာလန်ဒေသကို ဥရောပသမဂ္ဂတွင် သောင်တင်စေမည်ဟု ဝေဖန်သူအချို့က ဆိုသည်။

ဥရောပသမဂ္ဂမှ ဗြိတိန် သဘောတူညီချက်မဲ့ နုတ်ထွက်ရေးကို မတ်လ ၁၃ ရက်တွင် ဗြိတိန်အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး အငြင်းပယ်ခံရပါက Brexit အချိန်ကို ရွှေ့ဆိုင်းရန် မတ် ၁၄ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

လက်ရှိ အစီအစဉ်အရ ဗြိတိန်သည် မတ် ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင် နုတ်ထွက်မည်ဖြစ် သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.