Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအား ဖျက်သိမ်း

ဒေါ်နယ်ထရမ့် နှင့် ဂျိုးဘိုင်ဒန် ပထမအကြိမ် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း စကားစစ်ထိုးပွဲ ကျင်းပပြုလုပ်ခဲ့စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီက အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအားပယ်ဖျက်လိုက်ပြီး ကော်မတီအနေဖြင့် ယခုလ ၂၂ ရက်တွင်ကျင်းပပြုလုပ်မည့် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီ၏ထုတ်ပြန်ကြေညာချက်တွင် ကော်မတီအနေဖြင့် ဒုတိယအကြိမ်စကားစစ်ထိုးပွဲအား အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ရန်ကြေညာခဲ့သော်လည်း ရီပတ်ဘလီကန်ပါတီဝင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန် တို့နှစ်ဖက်လုံးက ယင်းကဲ့သို့ကျင်းပပြုလုပ်ခြင်းအပေါ်ငြင်းဆိုခဲ့ကြပြီး နည်းလမ်းအမျိုးမျိုးဖြင့် အစားထိုးရန် ကိုယ်စီ တောင်းဆိုခဲ့သောကြောင့် ဒုတိယအကြိမ်စကားစစ်ထိုးပွဲကို ဖျက်သိမ်းလိုက်ရကြောင်း ပါဝင်ခဲ့သည်။

ကော်မတီ က COVID-19 ရောဂါစစ်ဆေးမှုခံရခြင်း ၊ နှာခေါင်းစည်းတပ်ခြင်း ၊ သတ်မှတ်ထားသည့် အကွာအဝေးတွင် နေထိုင်ခြင်းစသည့် သတ်မှတ်ချက်များအောက် တွင် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ နှစ်ဖက်သောကိုယ်စားလှယ်လောင်းများအနေဖြင့် အခမ်းအနားမှူးရွေးချယ်သည့် ခေါင်းစဉ် ၆ ခုနှင့် ပတ်သက်၍ စကားစစ်ထိုးမှုဆောင်ရွက်သွားရမည်ဖြစ်ပြီး ခေါင်းစဉ်တစ်ခုလျှင် ၁၅ မိနစ်အချိန်ရမည် ဖြစ်ကြောင်း ၊ နှစ်ဖက်သော ရွေးကောက်ခံကိုယ်စားလှယ်အဖွဲ့တို့က ယင်းအဆိုပြုချက်ကို သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်ဆရာဝန်Dr. Conley က အမေရိကန်နိုင်ငံသမ္မတ အနေဖြင့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက်ပိုင်းတွင် ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိပြီး ပိုမိုဆိုးရွားလာမည့်အခြေအနေ မတွေ့ရှိရဘဲ သမ္မတ အနေဖြင့် အောက်တိုဘာ ၁၀ ရက်မှ စတင်၍ အများပြည်သူနေရာများတွင်ကျင်းပသည့် အခမ်းအနားများကို တက်ရောက်နိုင်ကြောင်း ရေးသားခဲ့သည်။ ဒေါ်နယ်ထရမ့်အနေဖြင့်လည်း အောက်တိုဘာ ၉ ရက်၌ လူမှုကွန်ယက်စာမျက်နှာတွင် ၎င်းအနေဖြင့် အောက်တိုဘာ ၁၁ ရက်တွင် ဖလော်ရီဒါပြည်နယ် ကိုသွားရောက်ပြီးအကြီးစားမဲဆွယ်စည်းရုံးပွဲကိုကျင်းပမည် ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်၌ ရေးသားဖော်ပြခဲ့သည်။

၂၀၂၀ပြည့်နှစ် အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဒေါ်နယ်ထရမ့် နှင့် ဂျိုးဘိုင်ဒန် တို့က ပထမအကြိမ် စကားစစ်ထိုးပွဲကိုစက်တင်ဘာ ၂၉ ရက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။  (Xinhua)