Connect with us

North America

အမေရိကန် က အီရန် ၏ ဘဏ် ၁၈ ခုအား အရေးယူပိတ်ဆို့မှုဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး က ယင်းနှင့်ပတ်သက်၍ ပြစ်တင်ဝေဖန

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mnuchin အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအစိုးရက အောက်တိုဘာ ၈ ရက်၌ အီရန်နိုင်ငံ၏ ဘဏ် ၁၈ ခုအား ပိတ်ဆို့အရေးယူမှုဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုအပေါ် အပြင်းအထန်ပြစ်တင်ဝေဖန်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mnuchin က အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် အီရန်နိုင်ငံ ဘဏ် ၁၈ ခုအားအရေးယူပိတ်ဆို့မှု ဆောင်ရွက်ခြင်းသည် တရားမဝင်အမေရိကန်ဒေါ်လာအသုံးပြုခြင်း ကို တားဆီးရန် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ၊ အရေးယူပိတ်ဆို့မှုခံရသည့်ဘဏ်များ၏ အမေရိကန်နိုင်ငံ အတွင်းရှိပိုင်ဆိုင်မှု နှင့် အမေရိကန်နိုင်ငံထိန်းချုပ်ထားသော ပိုင်ဆိုင်မှုများအားလုံးက သိမ်းယူခံရမည် ဖြစ်ပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် ယင်းတို့နှင့်ပတ်သက်ဆက်နွယ်မှုမပြုလုပ်ရကြောင်း ၊ ကြေညာချက်ထုတ်ပြန်ပြီး ၄၅ ရက်နောက်တွင် အရေးယူပိတ်ဆို့မှုခံရသည့်ဘဏ်များနှင့် ဆက်ဆံမှုရှိသည့် မည်သည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်မဆို ထပ်ဆင့်အရေးယူပိတ်ဆို့မှုခံရခြင်း နှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က လူမှုကွန်ယက်စာမျက်နှာတွင် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်၍ အပြင်းအထန်ကန့်ကွက်ခဲ့ပြီး COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အမေရိကန်နိုင်ငံ အနေဖြင့် အီရန်နိုင်ငံ ၏ စားသောက်ကုန် နှင့် ဆေးဝါးများ ဝယ်ယူမည့် လမ်းကြောင်း ကို ဖျက်ဆီးရန် ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ အီရန်နိုင်ငံ ပြည်သူလူထု တို့အစာရေစာငတ်ပြတ်အောင် ဆောင်ရွက်သည့် ရည်ရွယ်ချက်သည် လူသားမျိုးနွယ်အားဆန့်ကျင် သည့် ပြစ်မှုဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ်ဇူလိုင်လတွင် အီရန်နိုင်ငံက အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့နှင့် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်အားချုပ်ဆိုခဲ့ပြီး သဘောတူညီချက် အရ အီရန်နိုင်ငံက နျူကလီးယားနှင့်ပတ်သက်သည့် အစီအစဉ်များအား ကန့်သတ်မှုပြုလုပ်ရန် ကတိပြုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုကို ဖျက်သိမ်းပေးရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် အမေရိကန်နိုင်ငံ က အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုမျိုးစုံပြန်လည်ဆောင်ရွက်ခဲ့သည်။ အီရန်နိုင်ငံ က တုံ့ပြန်ချက်အနေဖြင့် ၂၀၁၉ ခုနှစ် မေလတွင် သဘောတူညီချက်ရှိ အချက်အလက်များကို တစ်ဆင့်ခြင်း လိုက်နာမှုရပ်ဆိုင်းခဲ့ကြောင်းသိရှိရသည်။  (Xinhua)