Connect with us

North America

အမေရိကန် သမ္မတလောင်း နေရာအတွက် ပါတီအလိုက် ပဏာမ ယှဉ်ပြိုင်ပွဲတွင် စီးပွားရေး အကြောင်းအရာက ဘေးရောက်နေဟုဆို

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန် (ဆင်ဟွာ)

နာရူရာ၊ အမေရိကန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

နယူးဟမ့်ရှိုင်းယား ပြည်နယ်၌ ပြုလုပ်ခဲ့သည့် အမေရိကန် သမ္မတလောင်း နေရာအတွက် ပဏာမ မဲပေးပွဲတွင် ရီပတ်ဘလစ်ကန် ပါတီဘက်မှ ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ် ပါတီမှ ဘာနီ ဆန်းဒါးစ်တို့ အနိုင်ရခဲ့ပြီး ၎င်း တို့၏ စကားစစ်ထိုးပွဲ များ၌ စီးပွားရေးဆိုင်ရာ အကြောင်းအရာများက ဘေးရောက်နေကြောင်း သတင်းများက ဖော်ပြထားသည်။

ပါတီအလိုက် သမ္မတလောင်း ရွေးချယ်ပွဲ၏ ဒုတိယမြောက် ပြည်နယ်အဆင့် ရွေးချယ်ပွဲ ဖြစ်သည့် နယူးဟမ့် ရှိုင်းယား စည်းရုံးလှုံ့ဆော်ပွဲများတွင် သမ္မတလောင်းများ ဆွေးနွေးရာ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှ လက်နက် ထိန်းချုပ်ရေးစသည့် အကြောင်း အရာများ ပါဝင်ခဲ့သော်လည်း စီးပွားရေးနှင့် ဆိုင်သော ဆွေးနွေးချက်များ ပျောက်ဆုံးနေခဲ့သည်ဟု ဆိုသည်။

ဘရွတ်ကင်း တက္ကသိုလ်၏ သုတေသီလည်းဖြစ်၊ ဝါရှင်တန် အခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့ဝင်လည်း ဖြစ်သူ ဘာရေး ဘို့စ်ဝါ့သ်က မည်သည့် ပါတီကမျှ အလုပ်အကိုင်နှင့် ဝင်ငွေ တိုးတက်လာစေမည့် အကြောင်းအရာနှင့် ဆိုင်သော ကိစ္စများအား မည်သို့ လုပ်ဆောင်ပေးမည်ဆိုသည့် အကြံဉာဏ် ကြီးကြီးမားမား ပြောကြားခဲ့ခြင်း မရှိ ကြောင်း ထောက်ပြထားသည်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘာနီ ဆန်းဒါးစ် (ဆင်ဟွာ)

လုပ်အား ကုန်ထုတ်စွမ်းအား လျော့ကျခြင်း၊ ရေနံစိမ်း ဈေးနှုန်းကျဆင်းခြင်းနှင့် အမေရိကန်ဒေါ်လာ ခိုင်မာနေ ခြင်း စသည့်အကြောင်းအချက်များသည် စီးပွားရေးကျဆင်းမှုကို ဦးတည်သွားစေနိုင်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။

နယူးဟမ့်ရှိုင်းယားပြည်နယ် ရွေးချယ်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၌ အထက်လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ် က မဲ ၆၀ ရာခိုင်နှုန်း ရရှိခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ကို အနိုင်ရခဲ့သည်။ လက်ရှိ ရလဒ်မှာ ဟီလာရီ ကလင်တန်အတွက် ဒီမိုကရက်တစ်ပါတီအတွင်း ၎င်း၏ တစ်ဦးတည်းသော ပြိုင်ဘက် ဆန်းဒါးစ် အပေါ် ပထမဆုံး ရှုံးနိမ့် ခြင်းဖြစ်ပြီး ပထမအကြိမ် ပြည်နယ်အဆင့် ရွေးချယ်ပွဲဖြစ်သည့် အိုင်အိုဝါ ပြည်နယ်မှာ ကလင်တန်က အနိုင်ရရှိ ထားသည်။
ရီပတ်ဘလစ်ကန် ပါတီ အနေဖြင့် နယူးဟမ့်ရှိုင်းယားပြည်နယ်အတွက် အိမ်ခြံမြေ သူဋ္ဌေးကြီး ဒေါ်နယ် ထရမ့်က ဂျွန်ကေဆစ်ကို မဲ အရေအတွက် နှစ်ဆအသာနှင့် အနိုင်ရရှိခဲ့သည်။ အိုင်အိုဝါ ပြည်နယ် ရွေးကောက်ပွဲ၌ မူ တက်ဒ်ခရုဇ်က ဒေါ်နယ်ထရမ့်ကို အနိုင်ရရှိခဲ့သည်။
ရီပတ်ဘလီကန် ပါတီတွင် တစ်ဦးတည်းသော အမျိုးသမီး သမ္မတလောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေသည့် Hewlett-Packard ဥက္ကဋ္ဌဟောင်း ကာလီ ဖီယိုရီနာသည် သမ္မတလောင်းပြိုင်ပွဲမှ နှုတ်ထွက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က ကြေညာခဲ့သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် အမေရိကန်နိုင်ငံ ၄၅ ယောက်မြောက် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီများအတွင်းမှ သမ္မတလောင်းများ ရွေးချယ်နေခဲ့ရာ လက်ရှိအချိန်အထိ ဒီမိုကရက်တစ် ပါတီတွင်မှ သမ္မတဟောင်း ကတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နှင့် အထက် လွှတ်တော် အမတ် ဘာနီဆန်းဒါးစ်တို့က ဝင်ရောက် ယှဉ်ပြိုင်နေသည်။
ရီပတ်ဘလစ်ကန် ပါတီတွင်မူ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဘုရှ်၊ အငြိမ်းစား ဦးနှောဏ်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန် ဘန်ကာစန်၊ အထက်လွှတ်တော် အမတ် တက်ဒ်ခရုဇ်၊ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျင်မ် ဂီလ်မိုး၊ အိုဟိုင်းအိုပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကဆစ်၊ အထက်လွှတ်တော် အမတ် မာကို ရူဘီယိုနှင့် အိမ်ခြံမြေ သူဋ္ဌေးကြီး ဒေါ်နယ် ဂျေ ထရမ့်တို့က ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
လာမည့် ပြည်နယ်အဆင့် ရွေးချယ်ပွဲများအား Nevada တွင် ဖေဖော်ဝါရီလ ၂၀ ရက်၌ လည်းကောင်း၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၇ ရက်တွင်လည်းကောင်း ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.