Connect with us

Media

မြန်မာနိုင်ငံ၏နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ဧပြီမှ ဇူလိုင်လအတွင်း ၆၁ ရာခိုင်နှုန်းကျော် ကျဆင်း

ရန်ကုန်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) မှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမလေးလဖြစ်သည့် ဧပြီမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၄၆၇ သန်းကျော် ရှိခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၆၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလားတူကာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁,၂၂၀ သန်းကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်လေးလတာကာလအတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံများအနက် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဆမိုးအားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗြိတိန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြောင်း DICA မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းတင်အောင်သိန်းက “ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်အောင်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ လာရောက်ရင်းနှီးမြှုပ်နှံမယ့်နိုင်ငံတွေ အဆင်ပြေချောမွေ့မှုရှိအောင်လည်း ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၁၅ ရက်တွင် ပြောသည်။

လေးလတာကာလအတွင်း လျှပ်စစ်ကဏ္ဍမှ မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၃၁၇ သန်းကျော်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်မူ အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် ဝင်ရောက်ခဲ့ ကြောင်း DICA ၏ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အဆိုပါကာလအတွင်း မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံများဖြစ်ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117