Connect with us

Media

မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းကို မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးရွာ ၈၈ ခုတွင် မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာ (Smart Village) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ဆင်ဟွာသို့ပြောသည်။

အဆိုပါ ခေတ်မီစံပြကျေးရွာ (Smart Village) များကို စီမံကိန်းစတင်ဆောင်ရွက်သည့်နှစ်မှစ၍ ၅ နှစ်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ခေတ်မီစံပြကျေးရွာ (Smart Village) ၄၃ ရွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ခေတ်မီစံပြကျေးရွာ (Smart Village) ၄၅ ရွာကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ကျေးရွာစုစုပေါင်း ၈၈ ရွာပေါ့”ဟု ဒေါက်တာဇာနည်မင်းကပြောသည်။

မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရန်၊ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မား၍ စီးပွားရေးခိုင်မာအားကောင်းစေရန် ဟူသည့်ရည်ရွယ်ချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
ဒေါက်တာဇာနည်မင်းက “ဒီစီမံကိန်းပြီးသွားတဲ့အချိန်မှာ စီမံကိန်းဆောင်ရွက်ခဲ့တဲ့ကျေးရွာတွေမှာ ဆင်းရဲနွမ်းပါးမှုနှုန်း သုညအထိလျှော့ချနိုင်အောင်မျှော်မှန်းပြီး လုပ်ငန်းစဉ် ၆ ရပ်နဲ့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၊ သွင်းအားစုနှင့် ငွေကြေးထောက်ပံ့ပေးခြင်းလုပ်ငန်းစဉ်၊ ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းစဉ်၊စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာသင်တန်းများပေးခြင်းလုပ်ငန်းစဉ်၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်ဟူ၍ လုပ်ငန်းစဉ် ၆ ရပ် ကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုကာ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“ကျေးရွာတွေရွေးချယ်တဲ့အခါမှာ သတ်မှတ်ချက်တွေရှိပါတယ်။ အခြေခံအဆောက်အဦအသင့်အတင့်ကောင်းတဲ့ ရွာ၊ နယ်မြေလုံခြုံတဲ့ရွာ၊ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ရွာ၊ စိုက်ပျိုး၊မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတဲ့ရွာ ဆိုပြီး ရွေးချယ်ပါတယ်။ ဘတ်ဂျက်ကတော့ တစ်ရွာနဲ့ တစ်ရွာ လုပ်ရတဲ့ လုပ်ငန်းစဉ်ကတူပေမဲ့ လုပ်ရတဲ့ အရေအတွက်ပမာဏကတော့မတူဘူး။ မတူတဲ့အခါမှာ တစ်ရွာချင်းစီမှာ Plan ဆွဲပြီးဆောင်ရွက်ပါတယ်။ ယေဘုယျအားဖြင့်ကတော့ တစ်ရွာချင်းစီအတွက် ကျပ် တစ်ဘီလီယံ လောက်ကုန်ကျနိုင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၈၂၃ ခုခန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၇၉၅ ခုခန့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် တစ်နှစ်စာ ဆောင်ရွက်ပြီးတဲ့အခါမှာ ခေတ်မီစံပြကျေးရွာတွေမှာ ရွာတွင်းလမ်းတွေ ကောင်းသွားတယ်။ ကုန်ထုတ်လမ်းတွေပေါ်လာတယ်။ နည်းပညာသင်တန်းတွေပေးနိုင်ခဲ့တယ်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေလည်း လုပ်နိုင်ခဲ့ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117