Connect with us

Myanmar

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသူ/သား ၃,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသူ/သား ၃,၀၀၀ ကျော်ကို ယနေ့ (ဧပြီ ၁၇ ရက်) မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၃,၃၀၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အလားတူ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/သူ (၈ )ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၅ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

ဆက်လက်ပြီး ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ်လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်းသိရသည်။ (Xinhua)