Environment, Disasters & Accidents
မြန်မာတစ်နိုင်ငံလုံးတွင် အပူချိန်မြင့်မားခဲ့သည့်အတွက် မေ ၄ ရက်အထိ မိုးရွာသွန်းနိုင်
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အနှံ့အပြားတွင် အပူအချိန်မြင့်မားခဲ့သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေ ၄ ရက် အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင် က ဧပြီ ၂၆ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဒေါက်တာသန်းနိုင်က “အပူချိန်မြင့် ပြီး လေအေးနဲ့ တွေ့တော့ ရေခိုးရေငွေ့တွေ ဖြစ်ပြီး မိုး အဖြစ် ရွာချတာဖြစ်တယ်။ မေ ၄ ရက် အထိ မိုးက တစ်နိုင်ငံလုံးအနှံ့ ရွာသွန်းမှာဖြစ်ပါတယ်။ ထူးခြားမိုးလေဝသဖြစ်စဉ် ဖြစ်တဲ့ အတွက် မိုးသီးကြွေခြင်း လေပြင်း တိုက်ခတ်ခြင်း တွေ ပါဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင်ဧပြီ ၂၈ ရက်မှ ဧပြီ ၃၀ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာက မုန်တိုင်းဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
ဒေါက်တာသန်းနိုင်က “မုန်တိုင်းဖြစ်သွားရင် တော့ မိုးက ပိုပြီးဆက်တိုက်ဆက်သွားနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ ကျွန်တော်တို့ မိုးလေဝသထုတ်ပြန်ချက်တွေ ကို ဆက်တိုက်ထုတ်ပေးနေပါတယ်။ သိရှိလိုရင်လည်း မိုးဇလကို ပြည်သူတွေ အနေနဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဧပြီ ၂၆ ရက်မှ မေလ ၄ ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။ (Xinhua)