Local
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍတွင် လျာထားချက်၏ ၁၄ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန် အမေရိကန်ဒေါ်လာ၁၆ ဒသမ ၂ ဘီလီယံတင်ပို့ရန်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒဿမ ၅ ဘီလီယံတင်ပို့ရန် လျာထားကြောင်း၊ နိုဝင်ဘာလအထိ လျာထားချက်၏ ပို့ကုန် ၁၄ ရာခိုင်နှုန်းကျော်၊ သွင်းကုန် ၁၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားသည်။
“ပို့ကုန်ကဏ္ဍမှာဆိုရင် အောက်တိုဘာနဲ့ နိုဝင်ဘာ မှာအမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် ဆောင်ရွက်ပြီးသွားပြီ။ မနှစ်က ကာလတူနဲ့ယှဉ်ရင် ၂ ဘီလီယံလောက်လျော့နည်းခဲ့တယ်။ မနှစ်က ပို့ကုန်ကဏ္ဍက အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက် ဆောင်ရွက်နိုင်ခဲ့တယ်။ အဓိက COVID-19 ကြောင့်ပါပဲ’’ ဟု ၎င်းကဆိုသည်။
ပို့ကုန်သာမက ယခုဘဏ္ဍာနှစ်စတွင် သွင်းကုန်လည်းလျော့နည်းခဲ့ပြီး COVID-19 ကြောင့် ကုန်သွယ်ရေးကဏ္ဍတွင် ကြန့်ကြာမှုများလည်းရှိကြောင်း သိရသည်။ ပို့ကုန်ကဏ္ဍတွင် အဓိကအားဖြင့် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် အထည်ချုပ်လုပ်ငန်းများမှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“အဓိကလျော့နည်းရတာက သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းတို့ CMP (အထည်ချုပ်) တို့လျော့နည်းခဲ့တယ်။ ကျောက်စိမ်းတင်ပို့မှု က အများကြီးလျော့နည်းတယ်။ဒါပေမယ့် စီးပွားရေးသံမှူးရှိတဲ့ နေရာတွေဆို သံရုံးတွေကတစ်ဆင့် ပို့ကုန်တွေ တိုးချဲ့တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတာတွေရှိတယ်။ လယ်ယာထွက်ကုန်တွေကြတော့ ပို့ကုန်တင်ပို့မှုပိုများလာတာတွေ့ရတယ်’’ ဟု ဦးခင်မောင်လွင်ကဆက်ပြောသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပို့ကုန်၊သွင်းကုန် နှင့် ပတ်သက်၍ လျာထားချက် ပြည့်မီစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကုန်သွယ်မှု ဆောင်ရွက်ချက်များအရ လျာထားမှု ပြည့်မီနိုင်မည်ဟုယူဆကြောင်း ၎င်းကဆိုသည်။ (Xinhua)