Connect with us

Africa & Middle East

Iron Done တပ်ဆင်ထားသည့် ရေပြင်သုံး ဒုံးခွင်း ဒုံးစနစ်ကို အစ္စရေးနိုင်ငံက အောင်မြင်စွာ တီထွင်နိုင်ခဲ့

အစ္စရေး ရေတပ်မှ တီထွင်ထားသည့် Tamir-Adir ရေပြင် ဒုံးခွင်းဒုံး အား စမ်းသပ် ပစ်လွှတ်နေစဉ် (ဆင်ဟွာ)

ဂျေရုစလန် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ရေတပ်သည် Iron Dome ဒုံးခွင်းဒုံး ပါဝင်သည့် ရေပြင်ဒုံး ခွင်းဒုံး စနစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း အစ္စရေး စစ်တပ်က မေလ ၁၈ ရက်တွင် သတင်း ထုတ်ပြန်သည်။

၎င်းဒုံးခွင်းဒုံး စနစ်ကို အစ္စရေးနိုင်ငံ ပင်လယ် ရေပိုင်နက် အတွင်းရှိ စီးပွားရေး လုပ်ငန်းစုများ (အထူးသဖြင့် မတ်ဒီတာရီယန် ပင်လယ်ပြင် အတွင်းရှိ သဘာဝဓာတ်ငွေ့လုပ်ကွက်များ) ကို တာတိုပစ် ဒုံးကျည်များဖြင့် ခြိမ်းခြောက် ခံနေရသည့် အန္တရာယ်မှ ကာကွယ်ရန် အတွက် တပ်ဆင် အသုံးပြုသွားမည် ဖြစ်သည်။ Tamir-Adir ဟု အမည်ပေးထားသည့် ရေပြင်သုံး ဒုံးခွင်းဒုံးကို ရက်သတ္တပတ်ပေါင်း များစွာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ရကြောင်းနှင့် ကမ်းခြေမှ နေ၍ ဒုံးကျည်များဖြင့် အကြိမ်ကြိမ် ပစ်ခတ် စမ်းသပ်ခဲ့ရာ ရေပြင် ဒုံးခွင်းဒုံး စနစ်က အောင်မြင်စွာ ကြားဖြတ်တား ဆီးနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပစ်ခတ်လာသည့် ဒုံးကျည်များကို Tamir-Adir ၏ ရေဒါစနစ်က ကောင်းစွာ ထောက်လှမ်းနိုင်ခဲ့ပြီး ကြားဖြတ် တားဆီးမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း အစ္စရေးရေတပ် စစ်ဆင်ရေးအကြီးအကဲ ဗိုလ်မှူးကြီး Ariel Shir က ဆိုသည်။ ထို့ပြင် Tamir သည် စစ်သင်္ဘောများ အမြန်နှုန်း မြင့်စွာ မောင်းနှင်နေစဉ် တိုက်ချင်းပစ် ဒုံးပျံများဖြင့် ခြိမ်းခြောက်လာခြင်းကိုလည်း အောင်မြင်စွာ ကြားဖြတ် တားဆီးနိုင်စွမ်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။ ၂ဝ၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အစ္စရေးနှင့် ဟားမတ် စစ်ပွဲကာလတွင် ဂါဇာ ကမ်းမြောင်မှ အစ္စရေးနိုင်ငံသို့ ဦးတည် ပစ်လွှတ်လာသည့် ဒုံးကျည်များကို မြေပြင်အခြေစိုက် Iron Dome ဒုံးခွင်းဒုံး၏ ပဲ့တင်သံ နည်းစနစ်က အောင်မြင်စွာ ကြားဖြတ် တားဆီးနိုင်ခဲ့သည်။ အစ္စရေး စစ်တပ်၏ ထုတ်ပြန်ချက်အရ ရက် ၅ဝ စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် နှင့် မော်တာကျည်ပေါင်း ၄,၉၅၄ လုံးအနက် ၇ဝ လုံးကိုသာ Iron Dome မြေပြင် ဒုံးခွင်းဒုံးက တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.