Politics & Security
တရုတ်-အာဆီယံ ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် စင်ကာပူနိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်ရန် တရုတ်ဝန်ကြီးချုပ်မျှော်လင့်
ဗီယင်ကျန်း ၊ စက်တင်ဘာလ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်-အာဆီယံ ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် စင်ကာပူနိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍ မှာ ပါဝင်ရန် မျှော်လင့်ထားကြောင်း စက်တင်ဘာလ ၇ ရက်တွင် ပြောကြားသည်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ပြုလုပ်သော အရှေ့အာရှခေါင်းဆောင်များဆွေးနွေးပွဲ ပြင်ပတွင် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း နှင့်တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေသတွင်းနိုင်ငံများ နှင့်ဆက်ဆံရေးတိုးတက်ခိုင်မာစေရန်စင်ကာပူနိုင်ငံသည် အဓိက နေရာတွင် ပါဝင်ကြောင်း ၊ တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံအကြား လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံပြည်သူအကြား လေးနက်ခိုင်မာသော ချစ်ကြည်ရင်းနှီးမှု ရရှိအောင် နှစ်ဖက်ခေါင်းဆောင်အကြား အနီးကပ် ဆက်ဆံ၍ လုပ်ဆောင်နေကြောင်း လီက ဆိုသည်။
ထို့ပြင် ဒေသတွင်း သံတမန်ရေးရာဆက်ဆံရေးအတွက် အာဆီယံအဖွဲ့အစည်းကို တရုတ်နိုင်ငံက အမြဲ အလေးထားတန်ဖိုးထားပါကြောင်း ၊ ယခုနှစ်သည် တရုတ်-အာဆီယံ ဆက်ဆံရေးတည်ထောင်ခြင်း ၂၅ နှစ်မြောက် အခါသမယ ဖြစ်ပါကြောင်း တရုတ်ဝန်ကြီးချုပ်က ဆိုသည်။
ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ဘုံအကျိုးစီးပွားအတွက် တရုတ် နှင့် အာဆီယံ ကြား အနာဂတ်ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်သင့်ကြောင်း ၎င်းကဆက်ပြောသည်။
စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် ဆက်ဆံရေး အပြန်အလှန် တိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း နှင့် အဓိကစီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာပြီးမြောက်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီ ကပြောသည်။
လွန်ခဲ့သော နှစ်များစွာကတည်းက တရုတ် နှင့်အာဆီယံအကြား နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်စေမည့် ဆက်ဆံရေးများ ပြုလုပ်ခဲ့ကြောင်း ၊ မတူခြားနားမှုများအကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းမည့် ကိစ္စရပ်များကို ကြီးမားကျယ်ပြန့်စွာလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်-အာဆီယံ ဆက်ဆံရေးတွင် နားလည်မှုခိုင်မာစေရေး နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ဘုံအကျိုးစီးပွားကျယ်ပြန့်စွာဖြစ်ထွန်းရေးအတွက် စင်ကာပူနိုင်ငံက တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း လီ ကပြောသည်။
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်သည် ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ(၁ဝ+၁) ဆွေးနွေးပွဲ နှင့် ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ၊ ဂျပန်နှင့်ကိုးရီးယားခေါင်းဆောင်များ(၁ဝ+၃) ဆွေးနွေးပွဲ တက်ရောက်ရန် စက်တင်ဘာလ ၆ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ရောက်ရှိလာကြောင်း သိရသည်။(Xinhua)