Connect with us

Environment, Disasters & Accidents

အားကောင်းသောမုန်တိုင်းငယ် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင် ၊ အမြင့်ဆုံး တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ဟု ခန့်မှန်း

မတ် ၂၁ ရက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ မုန်တိုင်းငယ်လမ်းကြောင်းပြမြေပုံ (ဓာတ်ပုံ - မိုး/ဇလ)

ရန်ကုန် ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မတ် ၂၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သော အားကောင်းသောမုန်တိုင်းငယ်သတိပေးချက်အရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက “မုန်တိုင်းနဲ့ပတ်သက်ပြီး သတိထားရမှာကတော့ မုန်တိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းတို့ ၊ မော်တင်စွန်းတို့ ရှိတာပေါ့ ။ အဲဒီနားကနေ ကပ်ပြီး သွားမယ့်သဘော ရှိတာပေါ့ ။ ပြီးရင် ရခိုင်ကမ်းရိုးတန်း တောင်ပိုင်း ကျောက်ဖြူတို့ ၊ သံတွဲတို့နားတော့ ရောက်သွားမှာပေါ့ ။ အဲဒီကနေမှ ကမ်းကို ဝင်မယ့် သဘောရှိတာပေါ့ ။ မုန်တိုင်းက ကိုကိုးကျွန်းနားကပ်သွားရင်တော့ အားကောင်းတဲ့မုန်တိုင်းငယ်ပေါ့ ။ ပြီးရင် သူက ဆက်ရွှေ့ရင်းနဲ့ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်မှာပေါ့နော် ။ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပြီးရင် ဟိုင်းကြီးကျွန်းနား ရောက်သွားမှာပေါ့ ။ ဟိုင်းကြီးကျွန်းနား မရောက်ခင်တော့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်မှာပေါ့ ။ ဟိုင်းကြီးကျွန်းနားကို ကပ်ပြီး သွားမှာဆိုတော့ ဧရာဝတီတိုင်းကတော့ အထူးသတိထားရမှာပေါ့ ။ ဟိုင်းကြီးကျွန်းကို ကပ်ပြီးတော့ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းကို ရောက်သွားရင်တော့ ပြန်ပြီး အားနည်းနည်း ပြန်လျော့သွားမယ့် အနေအထား ရှိတာပေါ့ ။ “ဟု ဆင်ဟွာသို့ ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ မတ် ၂၂ ရက် နေ့လည်ပိုင်းတွင် ရောက်ရှိနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မိုင်မှ (၅၅)မိုင် အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် ထုတ်ပြန်သည့် အားကောင်းသောမုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၈/၂၀၂၂)အရ သိရသည်။
ရခိုင်ကမ်းရိုးတန်းသို့ မတ် ၂၃ ရက် နံနက်ပိုင်းတွင် ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ် နိုင်သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။

“ဟိုင်းကြီးကျွန်းနား ကပ်တဲ့အချိန်က အားအကောင်းဆုံးအချိန် ဆိုတော့ သတိထားရမှာပေါ့ ။ ဘာတွေ သတိထားရမလဲ ဆိုတော့ မုန်တိုင်းနဲ့အတူ တွဲလာတဲ့ ယှဉ်တွဲနေတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ လေပြင်းတိုက်တာ ၊ မိုးသည်းထန်စွာ ရွာတာ ၊ မုန်တိုင်းဒီရေပေါ့ ။ ဒါကတော့ ကမ်းရိုးတန်းဒေသတွေမှာ ဒီရေတက်တာပဲ ။ မိုးသည်းထန်စွာ ရွာသွန်းလို့ ဘာတွေ သတိထားရမလဲ ဆိုတော့ တောင်ကုန်း ၊ တောင်စောင်းနေရာတွေ ဆိုရင် တောင်ပြိုတာတွေ ဖြစ်နိုင်တယ်။ မြစ်ငယ် ၊ ချောင်းငယ်တွေ ဆိုရင် လျှပ်တပြတ် ရေကြီးတာတွေ ဖြစ်နိုင်တယ် ။ ဒါက မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ပါလာမှာ ။ နောက်တစ်ခါ သတိထားရမှာတစ်ခုက ခုလက်ရှိ မုန်တိုင်းက ပင်လယ်ထဲမှာ ၊ သို့သော် မုန်တိုင်း မရောက်သေးဘဲနဲ့ မုန်တိုင်းရဲ့ ရှေ့ပြေးတိမ်တွေ ရောက်တဲ့အခါမှာ လေဆင်နှာမောင်းတိုက်တာတို့ကို သတိထားရတာပေါ့ ။”ဟု ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားခဲ့သည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄)ပေခန့်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏တောင်-အနောက်တောင်ဘက် ရေမိုင်(၂၄၀)မိုင်ခန့်၊ ထားဝယ်မြို့၏အနောက်တောင်ဘက် ရေမိုင်(၂၉၅)မိုင်ခန့်၊ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၂၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၈၀)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ အရှေ့မြောက်ဘက်ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း သိရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Depression)သည် နီကိုးဘားကျွန်း(Nicobar Islands)နှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊နောက်(၁၂)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များ နှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်း ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ (Xinhua)