Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရာ မဲဆန္ဒနယ်များ၌ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲထက် ကျပ်သန်း ၄၈၀ ခန့်ပိုမိုကုန်ကျခဲ့

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ရှင်းလင်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

လစ်လပ်မဲဆန္ဒနယ် ၁၉ ခုတွင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ စရိတ်သည် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၏ အဆိုပါ မဲဆန္ဒနယ် ၁၉ ခုတွင် ကျင်းပသည့် စရိတ်ထက် ကျပ်သန်း ၄၈၀ ခန့်ပိုမို ကုန်ကျခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ဆင်ဟွာကို ပြောသည်။

“၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အဲဒီမဲဆန္ဒနယ် ၁၉ ခုအတွက် ကျပ် ၁၁၇၃ ဒသမ ၅၃၁ သန်း သုံးစွဲခဲ့ပြီး အခု ၂၀၁၇ ကြားဖြတ်မှာ အဲဒီမဲဆန္ဒနယ် ၁၉ နယ်အတွက် ကျပ် ၁၆၅၃ ဒသမ ၄၈၉ သန်း သုံးစွဲခဲ့ရလို့ ကျပ် ၄၇၉ ဒသမ ၅၉၈ သန်းပိုပြီး ကုန်ကျခဲ့ပါတယ်၊ အကြောင်းရင်းက အရင်တုန်းက မလုပ်ခဲ့တဲ့ လုပ်ငန်းအမျိုးအစား ခြောက်ခု တိုးပြီး လုပ်ခဲ့ရလို့ပါ” ဟု နေပြည် တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဧပြီလ ၁၀ ရက်က ပြုလုပ်သည့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် မီဒီယာ တွေ့ဆုံပွဲ အပြီးတွင် ကော်မရှင်အတွင်းရေးမှူးက ဆင်ဟွာသို့ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

အဆိုပါ လုပ်ငန်း ခြောက်မျိုးနှင့် ကုန်ကျစရိတ်တို့မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပညာပေး သင်တန်းများ ပြုလုပ်ရာတွင် နည်းပြ၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင် များအား ကျွေးမွေးစရိတ် ကျပ် ၃၆ ဒသမ ၀၉၉ သန်း၊ ထန်တလန်မြို့ပေါ်နှင့် ကျေးရွာ လေးခု ဆက်သွယ်ရန် ဆက်သွယ်ရေး အထိုင်စက် လေးခု ဝယ်ယူပေးခြင်း – ကျပ် ၂ ဒသမ ၄ သန်း၊ မဲရုံ ရွှေ့ပြောင်းရသဖြင့် မိုင်းရှူး မဲဆန္ဒရှင်များအား ထော်လာဂျီဖြင့် ပို့ဆောင်ခ – ၂ ဒသမ ၀၅၀ သန်း၊ ပညာပေး ပြက္ခဒိန် – ကျပ် ၁၅ ဒသမ ၂၄ သန်း၊ မဲရုံမှူး၊ ဒု မဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်တို့ အတွက် လည်ဆွဲကတ် – ကျပ် ၃ ဒသမ ၂၆၄ သန်း၊ Door to door ဆောင်ရွက်ရန် ရန်ပုံငွေ ခွဲေ၀ ပေးအပ်ခြင်း – ကျပ် ၂၈၈ ဒသမ ၀၈ သန်း၊ စုစုပေါင်း ကျပ် ၄၇၉ ဒသမ ၉၅၈ သန်း ဖြစ်ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲအပေါ်ပြည်သူများ စိတ်ဝင်စားမှု နည်းပါးရခြင်းနှင့်ပတ်သက်၍ စောင့်ကြည့် လေ့လာသူများနှင့် မီဒီယာများ၏ မေးမြန်းချက်အပေါ် ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက “ကြားဖြတ် ရွေးကောက်ပွဲတွေအပေါ်လူထု စိတ်ဝင်စားမှုနည်းတာဟာ သဘာဝပါပဲ၊ နိုင်ငံရေးပါတီတွေရဲ့ အောင်နိုင်ရေး ကော်မတီတွေကလည်း မဲဆွယ် လှုပ်ရှားမှုတွေမှာ အထွေထွေ ရွေးကောက် ပွဲကြီး လိုတော့ မကြိုးပမ်းဘူးဆိုတာကလည်း သဘာဝပါပဲ” ဟု ဖြေကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117