Connect with us

Politics, Law & Military

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးတွဲကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော် နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် တို့ အား ၎င်းတို့ ၏ ဇနီးများနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ဧပြီ၁၁ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် သည် တရုတ်နိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရတို့သည် အချက် (၁၀) ချက်ပါဝင်သော ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံကို အောက်တွင် ဖော်ပြလိုက်ပါသည်။

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ၂ဝ၁၇ ခုနှစ် ဧပြီလ ၆ ရက်မှ ၁၁ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျန်းတယ်ကျန်း တို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတိုးတက်စေရေးအတွက် နှစ်ဦးနှစ်ဖက် အလေးအနက် အမြင်ချင်းဖလှယ်ခဲ့ကြပြီး တူညီဆန္ဒများ ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ပါသည်။

၂။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ်သုံးသပ်ခဲ့ကြပြီး ”ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုအပေါ် အလေးထားပြောကြားခဲ့ ကြပါသည်။ နှစ်နိုင်ငံအကြား လွန်ခဲ့သည့် နှစ်ပေါင်း (၆၇)နှစ်ကျော်ကာလက သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့စဉ်ကတည်းကပင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို အစဉ်တစိုက် လိုက်နာကျင့်သုံးခဲ့ကြပြီး နှစ်ဖက်ပြည်သူများ၏ လက်တွေ့ကျသော အကျိုးစီးပွားအား ဖော်ဆောင်ပေးသည့် နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်အဟုန်ဖြင့်တိုးတက်ဖြစ်ပေါ်စေရေးအတွက် အတူတကွဆောင်ရွက်ခဲ့ကြကြောင်း နှစ်ဖက်လုံးက သဘောတူညီခဲ့ကြပါသည်။

၃။ နှစ်ဖက်အကြားအိမ်နီးချင်းကောင်းပီသသော ဆက်ဆံရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး မဟာဗျူဟာမြောက်ရေရှည်မျှော်မှန်းချက်တစ်ရပ်ချမှတ်ကာ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားကိုဦးထိပ်ထားလျက် နှစ်နိုင်ငံအကြား ရှိရင်းစွဲဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်အောင်မြင်စေရေး အတွက် ဆောင်ရွက်သွားကြရန် ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။

၄။ နှစ်နိုင်ငံအဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် နီးကပ်သည့် အဆင့်မြင့်ထိတွေ့ဆက်ဆံမှုများကို ထိန်းသိမ်းသွားရန်၊ နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံအကြားအဆင့်အသီးသီးတွင် ချစ်ကြည်ရင်းနှီးမှုများဖလှယ်သွားရန်၊ မဟာဗျူဟာကျသောဆက်သွယ်မှုများ ကိုမြှင့်တင်ရန်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာအတွေ့အကြုံများ နက်ရှိုင်းစွာဖလှယ်သွားရန် သဘောတူညီခဲ့ကြပါသည်။

၅။ တရုတ်နိုင်ငံကအဆိုပြုထားသည့် ”ခေတ်သစ်ပိုးလမ်းမကြီး” အစီအစဉ်ကိုလည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ မေလတွင် “ခေတ်သစ်ပိုးလမ်းမကြီး ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ”ကို တရုတ်နိုင်ငံ၌ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ကိစ္စကိုလည်းကောင်း မြန်မာနိုင်ငံက အားပေးထောက်ခံပါသည်။

၆။ နှစ်နိုင်ငံအကြားပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားစေရေးနှင့် နှစ်နိုင်ငံအကြား ဘုံတိုးတက်မှုမြှင့်တင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးတွဲကော်မတီ၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ လျှပ်စစ်စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကော်မတီစသည့် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများကို ထိရောက်စွာအသုံးချရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုစွမ်းအားစသည့်ကဏ္ဍများတွင် နှစ်ဖက်အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် လျှောက်လှမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပုံမှန်တိုးတက်ရေးတို့အပေါ် ထောက်ခံအားပေးခဲ့ပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏လူနေမှု အဆင့်အတန်း မြင့်မားလာစေရေး အတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုလျက် အကူအညီများ အစွမ်းကုန်ပေးအပ်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ် တစ်နိုင်ငံတည်းမူဝါဒအပေါ် ခိုင်မာစွာရပ်တည်ထားချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသအရေးတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ဆက်လက်ထောက်ခံကြောင်း ဖော်ပြခဲ့ပါသည်။

၈။ နှစ်နိုင်ငံအကြား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ယင်းဒေသရှိပြည်သူများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားစေရေးတို့ကို ထိရောက်စွာအတူတကွဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲယန္တရားကိုဆက်လက်၍ ထိရောက်စွာ အသုံးပြုသွားကြရန် သဘောတူညီခဲ့ကြပါသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်နေမှုကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေးကြောင်း ဖော်ပြခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှကူညီဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏အပြုသဘောဆောင်သောကဏ္ဍမှ ဆက်လက်ကူညီရေးကို ကြိုဆိုကြောင်းဖော်ပြခဲ့ပါသည်။

၉။ နှစ်နိုင်ငံအကြား ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ရန်အတွက် ကုလသမဂ္ဂ၊ အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်နှင့် အခြားနိုင်ငံတကာမျက်နှာစာများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် သဘော တူညီခဲ့ကြပါသည်။

၁ဝ။ နိုင်ငံတော်သမ္မတဦးထင်ကျော်က ၎င်း၏ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုနှင့်ဧည့်ဝတ်ကျေပွန်မှုများအတွက် သမ္မတ ရှီကျင့်ဖိန်အား ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး၊ သမ္မတရှီကျင့်ဖိန်အား နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်ပါရန် ဖိတ်ကြားခဲ့ပါသည်။ သမ္မတရှီကျင့်ဖိန်ကလည်း ဖိတ်ကြားမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့ပါသည်။