Connect with us

Media

တရုတ်နိုင်ငံက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)အား အဆင့်မြှင့်တင်ပြီးစီးကာ လွှဲပြောင်းအပ်နှံခဲ့

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ၊ သုဝဏ္ဏ အဆင့်မြှင့်တင်ပြီးနောက် လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ လွှဲပြောင်းအပ်နှံခြင်း စာချွန်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က မြန်မာနိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲရုံသည် တရုတ်နိုင်ငံ အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရေးကို သင်္ကေတပြုနိုင်သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း ၊ အမျိုးသားအားကစားရုံ၏ အခန်းကဏ္ဍကို ပိုမိုပြည့်စုံစေရန် တရုတ်နိုင်ငံ အစိုးရက အားကစားရုံအား အခမဲ့ ပြုပြင်မွမ်းမံရန် ဆုံးဖြတ်ခဲ့ကြောင်း ၊ နှစ်ဘက်လုံး၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ယနေ့ စီမံကိန်းကို အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးဆုံးပြီး လွှဲပြောင်းအပ်နှံနိုင်ခဲ့ကြောင်း ၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများနှင့် အားကစားသမားများ ဒီနေရာတွင် အားကစားလေ့ကျင့်နိုင်ကြောင်း ၊ မြန်မာနိုင်ငံအတွက် ပြိုင်ပွဲနှင့် အခမ်းအနား အမျိုးမျိုးတို့ကို လက်ခံကျင်းပနိုင်ရန်လည်း ပိုမိုအဆင်ပြေစေနိုင်မည် ဖြစ်၍ ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လက်ရှိအားကစားရုံကြီးအား မူလပုံစံမပျက်ဘဲ သတ်မှတ်ကာလအတွင်း ပြုပြင်ပြီးစီးခဲ့သည့်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း ဖြစ်ကြောင်း ၊ ယခုလို ဆောင်ရွက်ပေးမှုမှာလည်း နှစ်နိုင်ငံအကြား သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် ကျန်ရှိနေမည် ဖြစ်ကြောင်း နှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား မိမိတို့ မြန်မာနိုင်ငံဘက်မှ အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း နှင့် ၂၀၂၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ နှင့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်းအား ယွမ်သန်း ၂၂၀ အကုန်အကျခံ၍ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် စီမံကိန်း အောင်မြင်စွာ ပြီးမြောက်ခဲ့ ကြောင်း သိရသည်။

အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ၊ သုဝဏ္ဏသည် ပရိသတ် ၁၀,၈၂၅ ဦး ဝင်ဆံ့ပြီး ဖွင့်လှစ်စဉ်မှ ယခုအထိ နှစ်ကာလကြာမြင့်စွာ နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ ၊ ပြည်တွင်းအားကစားပြိုင်ပွဲများ နှင့် အခမ်းအနားပေါင်းများစွာကို ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးခဲ့သည့် အားကစားရုံဖြစ်ကြောင်း သိရသည်။ (Xinhua)