Connect with us

Media

တရုတ်နိုင်ငံက စပါးစိုက်ပျိုးသည့်နည်းပညာကို မြန်မာတောင်သူများသို့ ဝေမျှ

ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ဒေသခံတောင်သူလယ်သမားများအတွက် အသိပညာဝေမျှသည့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာမျှဝေပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စံပြလယ်ယာစိုက်ခင်းတွင် ဩဂုတ် ၈ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးအလေ့အထများကို အဆင့်မြှင့်တင်၍ သီးနှံထွက်နှုန်းတိုးမြှင့်ရေးနှင့် စိမ်းလန်းစိုပြေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သူများက ပြောကြားခဲ့သည်။

ရန်ကုန်မြို့စွန်ရှိ ဧက ၃၀ မိုးစပါးစံပြစိုက်ခင်းတွင် ကျင်းပသည့် အခမ်းအနားသို့ တောင်သူ ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧက ၃၀ မိုးစပါးစံပြစိုက်ခင်း တည်ထောင်ခြင်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အနာဂတ်တွင် မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြင့်လာမည်ဖြစ်ကြောင်း Yuntianhua Group Co., Ltd. မှ အမှုဆောင်အရာရှိ Fu Shaoxueက ပြောကြားခဲ့သည်။

တရုတ် ကုမ္ပဏီသည် ဧက ၃၀ မိုးစပါးစံပြစိုက်ခင်း အတွက် မိုးရာသီတွင် ဓာတ်မြေဩဇာများ ထိရောက်စွာ အသုံးပြုနိုင်ရန် နည်းလမ်းများကို ဝေမျှပေးခဲ့သလို ၎င်း၏ စံပြစိုက်ခင်းအတွက် ဓာတု ဓာတ်မြေဩဇာများကိုလည်း ပံ့ပိုးပေးကြောင်း ရန်ကုန်မြို့ရှိ ဧက ၃၀ မိုးစပါးစံပြစိုက်ခင်း မန်နေဂျာ ဦးဝင်းနိုင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ်ကျွမ်းကျင် ပညာရှင်များက မြေသြဇာမကျွေးမီ ခြံအားမြေဆီလွှာစမ်းသပ်မှုကို ဦးစွာပြုလုပ်ခဲ့ကြောင်း ဦးဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။ တရုတ်ဆန်စပါးစိုက်ပျိုးနည်းပညာသည် ဒေသစိုက်ပျိုးနည်းများထက် သာလွန်ကြောင်း ပိုမိုထိရောက်၍ အကျိုးရှိအောင် ထောက်ပံ့ပေးနိုင်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
“တရုတ်ရဲ့ နည်းပညာတွေက ကျွန်တော်တို့ထက် ပိုမိုကောင်းမွန်ပါတယ်။ သူတို့က ထောက်ပံ့ပြီး အကူအညီတွေ ပေးဖို့ ကျွန်တော်တို့ဆီကိုလာရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက နည်းပညာအကူအညီနဲ့ အသိပညာဝေမျှခြင်းက ဒေသခံတောင်သူလယ်သမားများအတွက် အများကြီး အကျိုးရှိပါတယ်” ဟု ၎င်းက ပြောသည်။

“ဓာတ်မြေသြဇာအသုံးပြုချိန်၊ ဓာတ်မြေသြဇာအသုံးပြုပုံနဲ့ သီးနှံအထွက်နှုန်းတိုးစေဖို့အတွက် ဘယ်လို ဓာတ်မြေသြဇာကို အသုံးပြုသင့်တယ် ဆိုတဲ့စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေထဲက တစ်ခုကို ဟောပြောပွဲမှာ တောင်သူတွေကို ဝေမျှပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ အကြံပေးအရာရှိဦးသန့်ဇင်မောင်က ပြောသည်။

မြန်မာနိုင်ငံမှ လယ်ယာသုံး စက်ယန္တရား တင်သွင်းသူ တစ်ဦးဖြစ်ပြီး ယခုပွဲကို စီစဉ်သူလည်းဖြစ်သည့် ဦးလှဦးက မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် သိသာထင်ရှားသော ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် နိုင်ငံတော်၊ လယ်သမားများနှင့် တရုတ်နိုင်ငံမှ စားသုံးသူများအတွက်ပါ အကျိုးရှိကြောင်း ဦးလှဦးကဆိုသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၁၄ သန်းခန့် ထုတ်လုပ်နေပြီး ပြည်တွင်း၌ စားသုံးမှုမှာ ဆန် တန်ချိန် ၁၀ သန်းမှ ၁၁ သန်းခန့်ရှိပြီး ပိုလျှံသည့် ဆန်တန်ချိန် ၂ သန်းမှ ၂ .၅ သန်းကို ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ဆန်စပါးကို အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ (Xinhua)