Connect with us

Media

မြန်မာနိုင်ငံသည် စားသုံးသူ အခွင့်အရေးကို ကာကွယ်ရန် e-commerce လမ်းညွှန်ချက် ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အွန်လိုင်းရှော့ပင်များအပါအဝင် အင်တာနက်မှတစ်ဆင့် ကုန်သွယ်မှုနှင့်ဝန်ဆောင်မှုများ ရောင်းချနေသည့်လုပ်ငန်းအားလုံးအတွက် e-commerce လမ်းညွှန်ချက် (guideline) ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက ဆင်ဟွာသို့ စက်တင်ဘာ ၁၃ ရက်တွင်ပြောကြားသည်။

ဦးသိန်းထွန်းဦးက “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ e-commerce လုပ်ငန်းတွေအတွက် အရင်တုန်းက လမ်းညွှန်ချက်တွေ ဘာတွေမရှိခဲ့ဘူးပေါ့။ ဒါကြောင့် အခု e-commerce လုပ်ငန်းကိုလုပ်မယ်ဆိုရင် ကဏ္ဍအလိုက်မှာ ဒီ guideline နဲ့ အညီဆောင်ရွက်နိုင်ဖို့အတွက်နဲ့ အသိပေးလိုက်နာဖို့ ဒါကိုထုတ်ပြန်ရတာဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါ လုပ်ငန်းများအတွက် e-commerce လမ်းညွှန်ချက် (guideline) ကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီ guideline နဲ့အတူ ထပ်ပြီးတော့ သူ့ရဲ့လုပ်ထုံးလုပ်နည်းလေးတွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို ဆက်စပ်တဲ့လုပ်ငန်းတွေအလိုက် ဒီ guideline နဲ့ အကျုံးဝင်အောင် လုပ်ကြမှာပေါ့။ ပြည်သူတွေအနေနဲ့ e-commerce လုပ်တဲ့အချိန်မှာ နိုင်ငံတော်က သတ်မှတ်တဲ့လမ်းကြောင်းတွေပေါ်ကနေ ဘယ်လိုလုပ်လို့ရမယ် ဆိုတာတွေသိလာမှာဖြစ်တယ်” ဟု ဦးသိန်းထွန်းဦးကပြောသည်။

အွန်လိုင်းပေါ်မှရောင်းချမှု အပါအဝင် ကုန်စည်ထုတ်လုပ်မှုနှင့်ရောင်းချမှု ကွင်းဆက်အားလုံးတွင် e-commerce အကျုံးဝင်ရန် သတ်မှတ်ထားသောစည်းကမ်းချက်များဖြစ်ပြီး အွန်လိုင်းဝန်ဆောင်မှု အသုံးပြုသူ အားလုံးလိုက်နာရမည်ဖြစ်ကြောင်း၊ e-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းများကို ထုတ်ပြန်ခြင်းသည် ဥပဒေတစ်ရပ်အဖြစ် ကျင့်သုံးပြဋ္ဌာန်းနိုင်ခြင်းမရှိသေးချိန်တွင် ကနဦးအဆင့်လိုက်နာရမည့် စည်းကမ်းချက်များဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ e-commerce လုပ်ငန်းများ အတွက်လမ်းညွှန် ချက် (guideline) တွင်ဖော်ပြထားသည်။
E-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်တွင် ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ဝယ်ယူသူနှင့်ရောင်းချသူအကြား အငြင်းပွားမှုပြဿနာများအပေါ် အခြေခံလိုက်နာရမည့် စည်းမျဉ်းများ ဖြစ်ကြောင်းသိရသည်။

လက်ရှိထုတ်ပြန်သည့် e-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းများသည် မြန်မာနိုင်ငံတွင်ပထမဆုံးထုတ်ပြန်ခြင်းဖြစ်ပြီး မကြာမီထုတ်ပြန်လာမည့် အွန်လိုင်းရှော့ပင်း မှတ်ပုံတင်လုပ်ငန်းများ လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စည်းကမ်းချက်များကို သင့်လျော်သလို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အွန်လိုင်းရောင်းချမှုများ၊ ဝန်ဆောင်မှုနှင့် ထုတ်ကုန်များ ရောင်းချနေသည့်လုပ်ငန်းရှင်များအနေဖြင့် အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် (e-commerce guidelines) ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက် www.commerce.gov.mm တွင်လေ့လာဖတ်ရှုနိုင်ကြောင်း သိရသည်။

ဦးသိန်းထွန်းဦးက “အခုလောလောဆယ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ e-commerce ကိုစပြီးလုပ်ရတာဖြစ်လို့ ပြည်သူတွေကို တဖြည်းဖြည်း အသိပေးပြီး လိုက်ပါဆောင်ရွက်ဖို့ကို ကျွန်တော်တို့ကထပ်ပြီးဆောင်ရွက်ရမှာ ဖြစ်တယ်။ ကျယ်ကျယ်ပြန့်ပြန့်ထပ်လုပ်ဖို့တွေ အများကြီးရှိပါသေးတယ်” ဟုပြောသည်။

ထပ်မံပြီးကြပ်မတ်မှုများ၊ အရေးယူဆောင်ရွက်မှုများ ရှိလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အွန်လိုင်းမှတဆင့်ရောင်းချသည့်လုပ်ငန်းများအတွက် ငွေပေးချေမှုစနစ်များ၊ ကြော်ငြာစည်းကမ်းချက်များ၊ မူပိုင်ခွင့်များ၊ လိမ်လည်ရောင်းချမှု နှင့် လိမ်လည်ဝယ်ယူမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ စည်းကမ်းများ အပါ အဝင် ကုန်သွယ်ရေးနည်းလမ်းများအားလုံးအတွက် ယခုကဲ့သို့ စည်းမျဉ်းများထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)