Connect with us

Media

မြန်မာနိုင်ငံ၌ လောင်စာဆီဈေးနှုန်းများ မြင့်တက်နေချိန်တွင် လျှပ်စစ်စွမ်းအင်ဖြင့် ရွေ့လျားနိုင်စွမ်းကို ပြောင်းလဲလက်ခံကျင့်သုံးလာ

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အစည်ကားဆုံး စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၏ လမ်းမထက်တွင် တရုတ်နိုင်ငံထုတ် EV ယာဉ်များကို ပိုမိုတွေ့မြင်လာရပြီ ဖြစ်သည်။ လက်ရှိတွင် စက်သုံးဆီဈေးများ မြင့်တက်လာမှု၊ လောင်စာဆီ ရရှိရန် တန်းစီရမှု စသည့် စိတ်အနှောင့်အယှက်ဖြစ်စရာများကြောင့် လျှပ်စစ်မော်တော်ယာဉ် EV ကားများကို ပြည်သူအများ ပိုမိုနှစ်ခြိုက် စိတ်ဝင်စားလာကြကြောင်း သိရသည်။ “ဒါ တရုတ်နိုင်ငံထုတ် ကားပါ။ ဝယ်ကတည်းက ပိုငြိမ်ပြီး ပိုသက်သောင့်သက်သာတဲ့ စီးရတယ်။ အိမ်ကနေ ရုံးကို မောင်းတယ်။ တစ်ခါ အားသွင်းထားရုံနဲ့ သုံးလေးရက်လောက် သွားနိုင်တယ်။

လောင်စာဆီစရိတ်လည်း သက်သာတယ်” ဟု ရန်ကုန်မြို့က EV ကားဝယ်ယူစီးနင်းသူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိ EV စျေးကွက်ကို ဦးဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် EV ကားတွေ အများအပြား သုံးလာခြင်းကြောင့် လောင်စာဆီကားရှိနှင့်ပြီးသူများကလည်း စမ်းသပ်သည့်အနေဖြင့် EV ကားများကို ဝယ်ယူစီးနင်းမှုများလည်း ရှိကြကြောင်း သိရသည်။ လက်ရှိတွင် လျှပ်စစ်သုံးမော်တော်ယာဉ် EV ကားများကို အိမ်စီးကားအဖြစ်လည်းကောင်း၊ မြို့တွင်း TAXI အဖြစ်သာမက ရန်ကုန်-ဖျာပုံ နယ်ဝေး TAXI ယာဉ်များအဖြစ်လည်း ခရီးသွားပို့ဆောင်ရေး လုပ်ငန်းများတွင် သုံးစွဲလျက်ရှိနေကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံတွင် အားသွင်းရုံများ နည်းပါးခြင်းက EV အသုံးပြုသူများအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)