Connect with us

Local

ဒေါ်လာဈေးဆက်တိုက်တက်သည့်ကာလအတွင်း မြန်မာ့ငွေတန်ဖိုး ယခင်ထက်ဝ.၂၉ ရာခိုင်နှုန်းကျဆင်း

အမေရိကန်ဒေါ်လာများအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ဒေါ်လာဈေးဆက်လက်မြင့်တက်လျက်ရှိပြီး ဒေါ်လာဈေးမြင့်တက်သည့် အတွက် မြန်မာ့ငွေကြေးသည် ဇူလိုင်လ ၉ ရက်နေ့ အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခင်ထက် မြန်မာငွေကြေးတန်ဖိုး ဝ.၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။

ဗဟိုဘဏ်မှ တာဝန်ရှိသူကပင်“အမေရိကန် ဒေါ်လာ တန်ဖိုးတက်လို့ ကျန်တဲ့ နိုင်ငံရဲ့ငွေကြေးတွေ တန်ဖိုးကျတာပါ။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကိုရီးယားဝမ် ဝ.၈၀ရာခိုင်နှုန်း၊ ထိုင်းဘတ် ဝ.၆၇ ရာခိုင်နှုန်း၊ အိန္ဒိယယူပီး ဝ.၂၈ရာခိုင်နှုန်းအထိ ငွေတန်ဖိုးကျဆင်းခဲ့ပါတယ်။တခြားနိုင်ငံတွေမှာလည်း ကျွန်တော်တို့လိုပဲ ငွေတန်ဖိုးတွေ ကျဆင်းခဲ့ပါတယ်’’ ဟုပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ပေါက်ဈေး ၁၄၁၅ကျပ် ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ပြင်ပတွင် တစ်ဒေါ်လာကို ် ၁၄၂၂ကျပ် ၊ ၁၄၂၃ ကျပ် ဈေးပေါက်ခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်၏ ယနေ့ ငွေဈေး ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ– ဗဟိုဘဏ်)

ဒေါ်လာဈေးကွက်ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ပို့ကုန်ဝင်ငွေက တစ်ဒေါ်လာကို ၁၄၄၁ ကျပ်ပေါက်ပါတယ်။ ဈေးကွက်မှာကတော့ဒေါ်လာဝယ်လိုအားက မြင့်နေတယ်။ ဝယ်လိုအားများပြီး ရောင်းလိုအားမြင့်နေပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

လက်ရှိတွင် ဗဟိုဘဏ် အနေဖြင့်လည်းနိုင်ငံခြားငွေ ဈေးကွက်များတွင် အရောင်းအဝယ်လုပ်နေသည့် ဘဏ်များ၊ money changer (ငွေလဲစင်တာ) များနှင့် ဆွေးနွေးကြည့်သည့် အခါတွင် ဈေးတက်ရန် ဒေါ်လာဝယ်လှောင်တာ မတွေ့ရှိရကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူကဆိုသည်။

ဗဟိုဘဏ်မှတာဝန်ရှိသူကပဲ “ဇူလိုင်လ ၁၈ ရက်နေ့မှာလည်း ဘဏ်တွေအကုန်လုံးနဲ့ စကားပြောပြီးပြီ။ သူတို့နဲ့တော့ အမြဲတမ်းတော့ ထိတွေ့ဆက်ဆံနေပါတယ်။ တချို့ လူတွေ ကငွေဈေးပြုတ်ကျနိုင်တယ်လို့ မှန်းတာလည်း ရှိတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကလည်း တံခါးဖွင့် စီးပွားရေးကျင့်သုံးတဲ့ အလျောက် ကမ္ဘာ့ဈေးကွက် အတိုင်းလိုက်ပါပြောင်းလဲနေတာ။ ဗဟိုဘဏ်အနေနဲ့ ဈေးကွက်ကိုတော့ အမြဲတမ်းထိတွေ့ဆက်ဆံနေပါတယ်။’’ ဟုငွေဈေးနှုန်းနှင့် ဗဟိုဘဏ် ၏လက်ရှိလုပ်ဆောင်နေမှု အားရှင်းပြသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “အမေရိကန်ဒေါ်လာဈေးတက်ရတာက ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအားပေါ်မူတည်ပါတယ်။ အတက်ကြမ်းရင်လည်း အကျကြမ်းတတ်တယ်။ ဗဟိုဘဏ် က သူ့နည်းသူ့ဟန်နဲ့ ထိန်းချုပ်ပါလိမ့်မယ်။’’ ဆင်ဟွာကိုပြောသည်။

မြန်မာနိုင်ငံသည် သွင်းကုန်များသည့်နိုင်ငံဖြစ်သည့်အတွက် ကုန်ဈေးနှုန်းမတက်ရန် လက်ရှိအချိန် အစီအစဉ်တချို့ဆောင်ရွက်သင့်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

စီးပွားရေးပညာရှင် ဦးရဲမင်းဦးက “အခုက ဈေးတက်တာ ၁ လလောက်ရှိပြီဆိုတော့ ကုန်ဈေးနှုန်းကတော့ လိုက်တက်နိုင်တာပေါ့။ ဒီထက် ကုန်ဈေးနှုန်းမတက်ဖို့ဆိုရင်တော့ သက်ဆိုင်ရာဝန်ကြီးဌာန တွေကတော့ နည်းနည်းပြန်ညှိပေးရမယ်လို့ထင်ပါတယ်။ တချို့ပစ္စည်းတွေကို ဈေးသက်သက်သာသာ နဲ့ သွင်းခွင့်ပေးမလား။ တချို့ပစ္စည်းတွေကို အခွန်လျှော့ပေးမလား ဆိုတာကို ကာလတို စဉ်းစားဖို့ပေါ့။ အဲ့လိုအစီအမံလေးတော့ လုပ်သင့်တယ်’’ ဟုဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ၁၃၅၀ကျပ် နှင့် ၁၃၇၀ကျပ် ကြားတွင် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်၊ ဇူလိုင် လများတွင် ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သည်။ ဗဟိုဘဏ်မှ ထုတ်ပြန်သည့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၄.၂၉ ရာခိုင်နှုန်း ရှိကြောင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.