Connect with us

Local

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ကျန် ခြောက်လအတွင်း မူလ ရည်မှန်းချက်များ ပြည့်မီရန် ကြိုးပမ်းဖို့လိုအပ်

နိုင်ငံအတွက်ပြည်ပဝင်ငွေရှာဖွေပေးရာ ကျောက်မျက်အရောင်းပြပွဲတစ်ခုကိုတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ရငွေ သုံးငွေဆိုင်ရာ အကောင်အထည် ဖော်နိုင်မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်များနှင့် နှိုင်းယှဉ်ပါက ရငွေသည် သုံးနှစ် အတွင်း အနည်းဆုံး ဖြစ်ကြောင်း၊ သုံးငွေမှာလည်း ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကို မမီသဖြင့် ယခုဘဏ္ဍာနှစ်၏ ကျန်ကာလအတွင်း မူလ ရည်မှန်းချက်များ ပြည့်မီရန် ကြိုးပမ်းဖို့လိုကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက လွှတ်တော်သို့တင်ပြခဲ့သည်။

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် အကောင်အထည် ဖော်နိုင်မှုမှာ ရငွေ ကျပ် ၆၂၆၂ ဒသမ ၁၂၆ ဘီလျံ၊ သုံးငွေကျပ် ၆၉၁၃ ဒသမ ၈၈၅ ဘီလျံ ရှိခဲ့ရာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ရငွေသည် သုံးနှစ် (၂၀၁၄-၁၅၊ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇) အတွင်း အနည်းဆုံး ဖြစ်ကြောင်း၊ သုံးငွေမှာလည်း ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကို မမီကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ က လွှတ်တော်သို့တင်ပြခဲ့သည်။၂၀၁၄ – ၁၅ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ရငွေမှာ ၇၀၀၃ ဒသမ ၇၁ ဘီလျံနှင့် သုံးငွေမှာ ၆၄၁၃ ဒသမ ၇၅၈ ဘီလျံရှိခဲ့သည်။ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လ ပတ်၏ ရငွေမှာ ၆၅၂၄ ဒသမ ၄၀၆ ဘီလျံနှင့် သုံးငွေမှာ ၈၂၃၀ ဒသမ ၅၄၂ ဘီလျံ အသီးသီး ရှိကြသည်။

၂၀၁၄ – ၁၅ မှ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အထိ ဌာန အဖွဲ့အစည်းအလိုက် ရငွေများနှင့် နှိုင်းယှဉ်ရာတွင် ဗဟို အဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ နေပြည်တော် ကောင်စီ၊ နေပြည်တော် စည်ပင် သာယာရေး ကော်မတီတို့၏ ရငွေသည် ပြီးခဲ့သည့် နှစ်နှစ်ထက် များစွာ လျော့နည်းခဲ့သည်ကို တွေ့ရကြောင်း အထူးသဖြင့် ရငွေ ရှာဖွေသည့် ဌာနများ ဖြစ်သော နိုင်ငံတော် ပိုင် စီးပွားရေး အဖွဲ့အစည်းများနှင့် နေပြည်တော် စည်ပင်သာယာရေး အဖွဲ့တို့အနေဖြင့် မိမိတို့၏ ပကတိ အခြေအနေမှန်ကို ပြန်လည် စိစစ်ပြီး ရငွေ တိုးတက် ရရှိရေး၊ ရည်မှန်းချက်များ ပြည့်မီရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့တင်ပြခဲ့သည်။

ပြည်ထောင်စု အခွန်အကောက် ရငွေ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကောက်ခံပေးနေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ယခုနှစ် ပထမခြောက်လပတ် အခွန် အကောက် ရငွေသည် ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လ ပတ် ရငွေကို မမီသည့်အပြင် ယခုနှစ် တစ်နှစ်တာ ရည်မှန်းချက် ကျပ် ၅၁၄၃ ဒသမ ၀၇၄ ဘီလျံ၏ ၃၇ ဒသမ ၈၂ ရာခိုင်နှုန်းသာ ရှိကြောင်းလည်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက တင်ပြခဲ့သည်။အဆိုပါ ဌာန၏ ၂၀၁၄ – ၁၅ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ကောက်ခံရငွေမှာ ကျပ် ၁၈၀၄ ဒသမ ၂၃ ဘီလျံ၊ ၂၀၁၅ – ၁၆ ရငွေမှာ ကျပ် ၂၀၂၈ ဒသမ ၇၇ ဘီလျံ ဖြစ်ပြီး ယခု ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ရငွေမှာ ကျပ် ၁၇၅၉ ဒသမ ၈၉၅ ဘီလျံ ဖြစ်သည်။

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ဘဏ္ဍာငွေ အရအသုံး အခြေအနေမှာ တစ်နှစ်တာလုံး ရည်မှန်း ချက် နှင့် ယှဉ်ကြည့်လျှင် ရငွေသည် ရည်မှန်းချက်၏ ၃၆ ဒသမ ၈၈ ရာခိုင်နှုန်း၊ သုံးငွေသည် ရည်မှန်းချက်၏ ၃၄ ဒသမ ၁၁ ရာခိုင်နှုန်းသာ ရှိသဖြင့် ရည်မှန်းချက်များ ပြည့်မီရေးအတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်ပြခဲ့သည်။ပြည်ထောင်စု လွှတ်တော်၏ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု အရ အသုံး ခန့်မှန်းခြေ ငွေစာရင်း ဥပဒေ ကို ပြင်ဆင် အတည်ပြုချက်အရ ရငွေပေါင်းမှာ ကျပ် ၁၉၂၂၈ ဒသမ ၇၂ ဘီလျံ၊ သုံးငွေပေါင်းမှာ ၂၂၅၁၆ ဒသမ၃၇ ဘီလျံ ရှိသဖြင့် လိုငွေမှာ ကျပ် ၃၂၈၇ ဒသမ ၆၅ ဘီလျံ ရှိကာ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၈၄၁၂၈ ဒသမ ၁၃ ဘီလျံ ဖြစ်၍ လိုငွေနှင့် ဂျီဒီပီ အချိုးသည် ၃ ဒသမ ၉၁ ရာခိုင်နှုန်း ဖြစ်သည်။ (Xinhua)