Connect with us

Local

ခေါ်ယူအပ်ငွေစာရင်း အတိုးနှုန်းများအား အောက်တိုဘာ ၁ ရက်နေ့ စ၍ ၆ရာခိုင်နှုန်းသို့ လျှော့ချမည်

ခေါ်ယူအပ်ငွေစာရင်း (Call Deposit)နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘဏ်များအသင်း ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar Banks Associations)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ခေါ်ယူအပ်ငွေစာရင်း (Call Deposit) နှင့် ပတ်သက်သည့် မည်သည့် အပ်နှံငွေကို မဆိုအတိုးနှုန်းများအား အောက်တို ဘာ ၁ ရက် နေ့မှ စတင်၍ ၆ ရာခိုင်နှုန်းသို့လျှော့ချ ကျင့်သုံးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းမှ အမှုဆောင်အရာရှိချုပ် ဦးမိုးသက်ထူးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဦးမိုးသက်ထူးက “အတိုးနှုန်း ၆ ရာခိုင်နှုန်း လျှော့ချတာ မြန်မာနိုင်ငံဘဏ်များအသင်းရဲ့ဆုံးဖြတ်ချက်ပါ။ Call Deposit ကကြတော့ နေ့တွက်ပေးတော့ ရေရှည်ကြတော့ တချို့ဘဏ်တွေက အဆင်ပြေတယ်။ တချို့ဘဏ်တွေကတော့ နည်းနည်းအသံတွေထွက်လာတာပေါ့။ အဲ့ဒါကြောင့် ၈ ရာခိုင်နှုန်းက နေ ၆ ရာခိုင်နှုန်းကို လျှော့လိုက်တာ ခင်ဗျ။ တချို့ဘဏ်တွေက လျှော့ထားပြီးသားတွေလည်း ရှိတယ်။ ၈ရာခိုင်နှုန်း ပေးနေတဲ့ ဘဏ်တွေလည်း ရှိတယ်။ ဘဏ်မှာ ပိုက်ဆံအပ်တာက လျှော့ကျမသွားနိုင်ပါဘူး’’ ဟုပြောသည်။

ခေါ်ယူအပ်ငွေစာရင်း (Call Deposit)သည် နေ့စဉ် အတိုး နေ့တိုးပုံစံမျိုးရသည့် အတွက် လုပ်ငန်းရှင် အများစု အသုံးပြုကြကြောင်းသိရသည်။ Savings (စုဆောင်းငွေစာရင်း) သည် လုပ်ငန်းလိုအပ်ချက်အရ ငွေလိုသည့်အချိန်တစ်လမပြည့်ခင်ထုတ်ပါကလည်း အတိုးနှုန်းရသည့် အတွက် အသုံးပြုကြခြင်းဖြစ်ကြောင်း သိရသည်။

ခေါ်ယူအပ်ငွေစာရင်း (Call Deposit) နှင့်ပတ်သက်၍ CB ဘဏ်၏ ကြေညာထားမှု အားတွေ့ရစဉ် (ဓာတ်ပုံ– CB Bank)

ဘဏ်တွင် ငွေများရေတွက်နေကြစဉ် (ဆင်ဟွာ)

တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင် က “ကျွန်တော်တို့ရွှေလုပ်ငန်း လုပ်သူတွေကြတော့ ရွှေဈေးအတက်အကျ ရှိတယ်။ ရွှေရောင်းပြီး ငွေ ကို Call Deposit နဲ့ အပ်လိုက်တယ်။ ကိုယ်ရွှေဈေးကျလို့ ပြန်ဝယ်မယ်ဆိုရင် ပြန်ထုတ်တယ်။ နေ့တွက် နဲ့ အတိုးရတော့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ အဆင်ပြေတယ်။ အတိုးနှုန်းလျှော့လိုက်တော့ အတိုးတော့နည်းသွားပေမယ့် Call Deposit ကတော့ ဆက်သုံးဖြစ်ဦးမှာပါပဲ’’ ဟုဆင်ဟွာကိုပြောသည်။

မြန်မာနိုင်ငံဘဏ်များအသင်း၏ လမ်းညွှန်ချက်နှင့် ဘဏ်များအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) ၏ အတိုးနှုန်းကို (၁.၁၀.၂၀၁၇) ရက်နေ့မှ စတင်၍ ငွေပမာဏပိုင်းခြားမှုမရှိဘဲ ငွေပမာဏအားလုံးကို ၆ရာခိုင်နှုန်းဖြင့် နေ့စဉ်လက်ကျန်ပေါ်တွင် အတိုးတွက်ပေးရန် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အတိုးအားလည်း ၃ လတစ်ကြိမ် ထုတ်ပေးမည်ဟု ပြင်ဆင်သတ်မှတ်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင် က “အခုပြောင်းလဲ သတ်မှတ်လိုက်တာက ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) အတွက်သာ ဖြစ်ပါတယ်။ တခြားသော အတိုးနှုန်းများအပေါ် ပြောင်းလဲခြင်းမရှိပါဘူး’’ ဟု ဆင်ဟွာကို ပြောသည်။

ထိုသို့ ခေါ်ယူအပ်ငွေစာရင်းအား အတိုးနှုန်းလျှော့ချလိုက်သည့်အတွက် Savings (စုဆောင်းငွေစာရင်း) ကိုပြောင်းရွှေ့အပ်နှံမည့်သူပိုမိုများပြားလာနိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

Savings (စုဆောင်းငွေစာရင်း) ၏ အတိုးနှုန်းသည် ၈ရာခိုင်နှုန်း ရှိပြီး ငွေအနည်းအများ နှင့် ဘဏ်မူဝါဒပေါ်မူ တည်၍ အတိုးနှုန်း အနည်းအများ ကွာခြားမှုရှိကြောင်း သိရသည်။ ခေါ်ယူအပ်ငွေစာရင်း (Call Deposit) ကို အောက်တိုဘာ ၁ ရက်နေ့မှ စ၍ ၆ ရာခိုင်နှုန်းသာရရှိတော့မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.