Connect with us

Local

တရုတ်နှစ်သစ်ကူးကာလအပြီးတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးများ ပိုမိုတိုးတက်လာနိုင်ကြောင်းဆို

မြန်မာ-တရုတ် နှစ်နိုင်ငံ မူဆယ် နယ်စပ်ဂိတ်တွင် သွားလာနေသော ကုန်တင်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ - IPRD)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တရုတ်နှစ်သစ်ကူးကာလအပြီးတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးများ ပိုမိုတိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူ က ဆင်ဟွာသို့ ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားသည်။

“နယ်စပ်ကုန်သွယ်ရေးမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေး က ကုန်သွယ်မှုအများဆုံးဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ က အိမ်နီးချင်းဖြစ်ပြီး ဝယ်လိုအားလည်း များတဲ့အတွက် ကျွန်တော်တို့ ကုန်သွယ်ရေးကဏ္ဍတွေ ပိုမိုးတိုးတက်ဖို့ ညှိနှိုင်းဆွေးနွေးတာတွေလည်း ဆောင်ရွက်နေပါတယ်။ ဒါကြောင့် တရုတ်နှစ်သစ်ကူး အပြီးမှာ နယ်စပ်ကုန်သွယ်ရေးတွေ ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုအား နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၅ရက်အထိ နယ်စပ် ကုန်သွယ်ရေးစခန်းများအလိုက် ကုန်သွယ်မှု ပမာဏတွင် မူဆယ်စခန်းသည် ပို့ကုန် အမေရိကန်ဒေါ်လာ၇၄၀.၅၁၆သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၆၈.၂၆၄ သန်း နှင့် စုစုပေါင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၃၀၈.၇၈၀ သန်း ရှိခဲ့ကြောင်း သိရသည်။

မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “တရုတ်နှစ်သစ်ကူးမတိုင်ခင် ကုန်စည်အဝင်အထွက် က နေ့စဉ် တစ်နေ့ကို ကားအစီးရေ ၁၅၀ လောက် စီ အဝင်အထွက်ရှိတယ်။ တရုတ်နှစ်သစ်ကူးမတိုင်ခင် ကုန်ပစ္စည်းတင်ပို့မှုတွေတွန်းပို့နေတယ်။ တရုတ်နှစ်ကူးအပြီးမှာ ပိုပြီး တင်ပို့မှုတွေများလာမယ်လို့မှန်းထားတယ်။ တရုတ်နိုင်ငံဘက်က ဆန်၊ဆန်ကွဲနဲ့ လယ်ယာထွက်ကုန် တွေ ကိုပိုမိုဝယ်ယူဖို့ ရှိတယ်လို့ သိထားရပါတယ်။ ဒါကြောင့် တရုတ်နှစ်သစ်ကူး အလွန် မတ်လလောက်ကစပြီး နယ်စပ်ကုန်သွယ်ရေး တွေ ပိုမိုကောင်းမွန်ဖို့ရှိပါတယ်’’ ဟု ဆင်ဟွာသို့ ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ အများဆုံးဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ကုန်သွယ်မှုအများဆုံးကုန်သွယ်ရေးဇုန်ဖြစ်ကြောင်း ဦးမင်းသိန်းကဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117