Connect with us

Local

အလုပ်သမားများ အတွက် အနည်းဆုံး အခကြေးငွေ နှုန်းထား ပြင်ဆင် သတ်မှတ်ကြောင်း ကြေညာ

အနည်းဆုံး အခကြေးငွေ နှုန်းထား ပြင်ဆင် သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာချက်(ဓာတ်ပုံ- Ministry of Labour, Immigration and Population)

ရန်ကုန် ၊ မေ ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ အလုပ်သမားများ အတွက် နေရာ ဒေသ နှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်ချိန် ၈ နာရီ(တစ်ရက်) အတွက် ၄၈၀၀ ကျပ်ကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် ယနေ့ထုတ်ပြန်သည့် နေ့မှ စ၍ သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီမှ ထုတ်ပြန် ကြေညာခဲ့သည်။

ထိုသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦး အောက်ရှိ လုပ်ငန်းငယ်များ ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများ နှင့် သက်ဆိုင်ခြင်း မရှိစေရဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်မည့် အဆိုပြု အနည်းဆုံး အခကြေးငွေ အမိန့်ကြေညာချက် အရ ပြည်ထောင်စု နယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ အလုပ်ရှင် နှင့် အလုပ်ရှင် အဖွဲ့အစည်းများ ၊ အလုပ်သမား နှင့် အလုပ်သမား အဖွဲ့အစည်းများ၏ ကန့်ကွက်ခြင်း ၊ ပြင်ဆင်ခြင်း ၊ ထောက်ခံခြင်း စသည့် သဘောထား မှတ်ချက်များကို ပြည်ထောင်စု နယ်မြေ ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ကော်မတီများက ပြန်လည် ရှင်းလင်း ဆွေးနွေး၍ အဆိုပြု နှုန်းထားများ ပြန်လည် တင်ပြစေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထပ်မံ အဆိုပြု တင်ပြသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို ၂၀၁၃ ခုနှစ် ၊ အနည်းဆုံး အခကြေးငွေ ဥပဒေ ပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (ဃ) နှင့် အညီ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ နှင့် ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် နှုန်းထားအား ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် ယနေ့ထုတ်ပြန် သတ်မှတ်လိုက်ကြောင်း သိရသည်။(Xinhua)