Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ သုံးလ အတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်ဖြင့် ကုန်သွယ်မှု ကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်ရှိ 

သွင်းကုန် စစ်ဆေးရေးဂိတ် တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Commerce)

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ သုံးလ အတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော် ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ သုံးလ ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ ကာလ အတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ၂၃ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ၂၃ ကတ်ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော် (၁၄,၁၂၇,၀၄၃,၈၆၃)တွင် ပို့ကုန် တန်ဖိုးမှာ ကျပ် ၁ ဒသမ ၄ ဘီလီယံကျော်( ၁,၄၀၂,၃၁၆,၄၀၆) ရှိပြီး သွင်းကုန် တန်ဖိုးမှာ ကျပ် ၁၂ ဒသမ ၇ ဘီလီယံကျော် (၁၂,၇၂၄,၇၂၇,၄၅၇) ရှိကြောင်း သိရသည်။

ယင်းကုန်သွယ်မှုများ အနက် မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း၌ ITC ဖြင့် ကုန်သွယ်မှု ပမာဏမှာ အများဆုံးဖြင့် ကျပ် ၈ ဒသမ ၅ ဘီလီယံကျော်(၈,၅၂၇,၄၂၆,၂၄၅) ရှိကြောင်း သိရသည်။တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင် ထုတ်ပေး ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၃၁ ရက် အထိ စုစုပေါင်း ITC ကတ် အရေအတွက် ၁,၇၁၀ ကတ် ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)